ဟားခါးမြို့နယ်အတွင်း Facility Quarantine ၁၄ ရက်ပြည့်သူ (၁၂) ဦးအား Swab နမူနာ (၂) ကြိမ်စစ်ဆေးခဲ့ပြီး ရောဂါပိုး မရှိသဖြင့် ပြန်လည်စေလွှတ်

ဟားခါး စက်တင်ဘာ ၂၅

ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏လမ်းညွှန်မှုနှင့်အတူ ဟားခါးမြို့နယ်အတွင်းသို့ ပြန်လည်ဝင်ရောက် လာသူများအား စိစစ်ဆောင်ရွက်လျက်ရှိရာ  စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မှ ကလေးမြို့သို့ လေယာဉ်ခရီးစဉ်ဖြင့်လာရောက်သည့် ကလေးမြို့မှ Case-1975 နှင့် ခရီးစဉ်တစ်ခုတည်း လိုက်ပါစီးနင်းခဲ့ပြီး ဟားခါးမြို့သို့ ပြန်လည်ရောက်ရှိလာသူအား စက်တင်ဘာလ ၁၀ ရက်နေ့တွင် မိသားစုဝင်(၁၁) ဦးနှင့်အတူ ဟားခါးတက္ကသိုလ် Facility Quarantine Centre တွင် ၁၄ ရက် အသွားအလာ ကန့်သတ်ထားရှိပြီး Swab နမူနာ (၂) ကြိမ်စစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရသဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က  ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး က ဟားခါးတက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်သူများမှ Swab နမူနာ (၂) ကြိမ် စစ်ဆေးခဲ့ရာတွင် ရောဂါပိုး မတွေ့ရှိသူ (၁၂)ဦးအား ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ Facility Quarantine ၁၄ ရက်ပြည့်၍ ပြန်လည်စေလွှတ်ခြင်း ခံရသူများအား တစ်ဦးလျှင် တစ်ရက် ငွေကျပ် (၃၅၀၀) ကျပ်နှုန်း၊ ၁၄ ရက်အတွက် တစ်ဦးလျှင် (၄၉၀၀၀) ဦးကျပ်နှုန်းဖြင့် (၁၂) ဦးအတွက် ငွေကျပ်စုစုပေါင်း (၅၈၈၀၀၀) ကျပ်နှင့် ကျန်းမာကြောင်း ထောက်ခံစာများ ထောက်ပံ့ပေးအပ်ခဲ့ပြီး မိမိအိမ်တွင် Home Quarantine ၇ ရက် ထပ်မံနေရန်များကို မှာကြားခဲ့သည်။

ဟားခါးတက္ကသိုလ်တွင် လက်ရှိ Facility Quarantine ဝင်ရောက်သူ ၅၄ ဦးကျန်ရှိပြီး ပြည်ပနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှ ပြည်လည်ဝင်ရောက်လာသူ (၂) ဦးနှင့် ပြည်တွင်းမှ ပြန်လည် ဝင်ရောက်လာသူ (၅၂) ဦးဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ထံမှသိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)