ပလက်ဝ စက်တင်ဘာ ၂၅
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ် အိမ်ထောင်စုတစ်စုလျှင် (၄၀၀၀၀) ကျပ် နှုန်း ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာလ (၂၃) ရက်နေ့က မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲရှောင်များအတွက် ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့် ပတ်သက်ပြီး စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုးထက်က '' ကျွန်တော်တို့ ပလက်ဝမြို့နယ်ထဲမှာရှိတဲ့ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၁၆၈) စုအတွက် တစ်အိမ်ထောင် လျှင် ငွေကျပ်လေးသောင်း ထောက်ပံ့ပေး ခဲ့ပါတယ်။ အားလုံးပေါင်းရင် ၄၆၇ သိန်း ၂ သောင်းကျပ် ကိုထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျေးရွာ ၅ ရွာမှာရှိတဲ့ တိုက်ပွဲရှောင် အိမ်ထောင်စု ၁၇၉ စုမှာရှိတဲ့လူဦးရေ ၉၂၁ ဦးတို့အတွက်လည်း ၃ လစာရိက္ခာအတွက် ငွေ ၃၃၃ သိန်း ၃ သောင်းကိုလည်းထောက်ပံ့ပေးခဲ့ပါတယ်လို့'' ပြောကြားသည်။
ပလက်ဝမြို့ရှိ ကင်ဝရပ်ကွက်နှင့် စိမ်းစင်းကျေးရွာ၊ ဆီးဖလောင်းကျေးရွာ၊ တိန်းလက်ဝကျေးရွာ၊ မီးဇာကျေးရွာတို့တွင် နေထိုင်ကြသော အိမ်ထောင်စု (၁၁၆၈) စုအတွက် (၄၆၇၂၀၀၀၀/-) ကျပ်ကို တိုက်ပွဲရှောင်ပြည်သူများအား ဒုတိယအကြိမ်ထောက် ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ကျော် (ပလက်ဝ)