ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲစတင်ကျင်းပ

ဟားခါး စက်တင်ဘာ ၂၅

ချင်းပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်အမျိုးသမီးအားကစား ကော်မတီတို့ပူးပေါင်း ကြီးမှူးကျင်းပသည့် ချင်းပြည်နယ်အတွင်း မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုနှင့် Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှစတင် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း ဘော်လုံးကျွမ်းကျင်မှုပြိုင်ပွဲတွင် အသက်(၁၃)နှစ်မှ (၂၅) နှစ်အတွင်းရှိ အကြိမ်ရေ အများဆုံး ဘော်လုံးကျွမ်းကျင်မှုပြသနိုင်သည့် တစ်မြို့နယ်လျှင် အမျိုးသား (၄) ဦးနှုန်းဖြင့် လည်းကောင်း၊ မြို့နယ်ပေါင်းစုံ Online တစ်ဦးချင်း Physical Fitness Dance ပြိုင်ပွဲတွင် အလွတ်တန်း သီးချင်းအပါအဝင် Physical Fitness Dance ကောင်းစွာကပြနိုင်သည့် တစ်မြို့နယ်လျှင် အမျိုးသမီး (၂) ဦးနှုန်းဖြင့်လည်းကောင်း ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးမှ သတ်မှတ်ဦးရေအတိုင်း ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း၊ အမျိုးသား ဘောလုံးကျွမ်းကျင်မှုပြိုင်ပွဲကို ၂ မိနစ်စာ Video Clip ဖြင့် လည်းကောင်း၊ အမျိုးသမီး Physical Fitness Dance ပြိုင်ပွဲကို ၃ မိနစ်စာ Video Clip ဖြင့် လည်းကောင်း ပြိုင်ပွဲစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အမှတ်ပေးစည်းမျဉ်းများကို ပြိုင်ပွဲစည်းကမ်း ချက်များနှင့်အညီ ဆုံးဖြတ်ပေးသွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဆုငွေများတွင် ပထမဆု ငွေကျပ်(၃)သိန်း၊ ဒုတိယဆု ငွေကျပ်(၂)သိန်း၊ တတိယ ဆုငွေကျပ်(၁)သိန်းနှင့် နှစ်သိမ့်ဆုများကို ငွေကျပ် (၅) သောင်းနှုန်းဖြင့် ချီးမြှင့်သွားမည်ဖြစ်ကြောင်းနှင့် ပြိုင်ပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့မှ စက်တင်ဘာလ ၂၇ ရက်နေ့အထိ (၄)ရက်ကြာ ကျင်းပပေးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)