ဟားခါး စက်တင်ဘာ ၂၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက် တင်မြောက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အငြင်းပွားမှု၊ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက အချိန်တိုအတွင်း ညှိနှိုင်းဆောင်ရွက်ဖြေရှင်းနိုင်ရေးအတွက် ဟားခါးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ (၁/၂၀၂၀) အစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ဟားခါးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဟားခါးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဦးလျန်ဟေး၊ အတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဟားခါးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးလျန်ဟေးက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဟားခါးခရိုင်ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အနေဖြင့် မဲဆွယ်စည်းရုံးရေးကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် လောင်းများ၊ ပါတီများနှင့် ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီ အဆင့်ဆင့် လုပ်ငန်းစဉ်လက်စွဲနှင့်အညီ အချိန်တိုအတွင်း လွယ်ကူလျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဟားခါးခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအတွင်းရေးမှူး ဒေါ်ချိုခိုင်ဦးက ဟားခါးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းမှုများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန် (၁၀)ရပ်အကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များက ဆွေးနွေးချက်များ အပေါ် ပြန်လည်မေးမြန်း အကြံပြုဆွေးနွေးခဲ့ကြရာ ဟားခါးခရိုင် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌက ရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေး ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)