မင်းတပ် စက်တင်ဘာ ၂၄
မင်းတပ်မြို့၌ Facility Quarantine နေထိုင်သူ(၁၀၁)ဦးအတွက် ရေ/မီး၊ အိပ်ဆောင်ပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများနှင့် စေတနာရှင်များက အလှူငွေ လာရောက်ထည့်ဝင် ပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
မင်းတပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင် ဦးကီးခွီရှိန်းက "အလှူရှင်တွေ ကနေ လာရောက်လှူဒါန်းတဲ့ အလှူငွေကို ဖြတ်ပိုင်းတွေနဲ့ စနစ်တကျ လက်ခံပေးပါတယ်၊ မနေ့က ညနေအထိတော့ အလှူရှင် (၃၂)ဦးကနေ အလှူငွေကျပ် (၃၆၉၅၀၀၀)ကို လာရောက် လှူဒါန်းပေးပါတယ်၊ လူကိုယ်တိုင် လာရောက်လှူဒါန်းသူတွေရှိသလို Wave Money ကနေ အလှူငွေ ထည့်ဝင်သူတွေလည်း ရှိပါတယ်" ဟုပြောကြားသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာများနှင့် ထိတွေ့သည့် ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ် များမှ ပြန်လည်ဝင်ရောက်လာသူ (၁၀၁)ဦးအား Quaranitne Centre (၄)ခုတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)