ရိခေါ်ဒါရ် စက်တင်ဘာ ၂၄
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ရပ်ကွက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရေးအတွက် သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့တွင် ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြို့ဦးစီးမှူး ဦးဟိုခန့်ဒါလ်နှင့် ဝန်ထမ်းများက ရပ်ကွက်အတွင်း အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ် ပြုလုပ်ပေးသည့်အပြင် ကတ်ပြား လဲလှယ်ပေးခြင်း၊ ကတ်ပြားမိတ္တူဆောင်ရွက်ပေးခြင်းနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ဆောင်ရွက် ပေးခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်နှစ်ခု၌ ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး ရိခေါ်ဒါရ်မြို့၊ အမှတ်(၁)ရပ်ကွက်၌ ၇၁ ဦးနှင့် အမှတ်(၂) ရပ်ကွက်၌ ၄၉ ဦး၊ စုစုပေါင်း ၁၂၀ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်က သွားရောက် အားပေးခဲ့ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)