ဟားခါး စက်တင်ဘာ ၂၃
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ ၃၀၀၊ အနံပေ ၂၀၀ ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျ ပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက် သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၈၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
အဆိုပါ ကျေးရွာဘော်လုံးကွင်းပြုပြင်ရာတွင် ကျွံကျသောမြေနေရာ မြေဖို့ခြင်း၊ မိုးရေတိုက်စား သောမြေနေရာ ပြုပြင်ခြင်း အပါအဝင် မြေကာနံရံတည်ဆောက်ခြင်းနှင့် ရေလွှဲမြောင်းတည်ဆောက် ခြင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာဘောလုံးကွင်း ပြုပြင်ရေးကော်မတီမှ ပြုပြင်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကျေးရွာဘောလုံးကွင်းပြုပြင် ဆောင်ရွက်ပြီးပါက ကျေးရွာနေပြည်သူများ အတွက် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အားကစားပေါင်းစုံ ပြန်လည်ကျင်းပ နိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ အထူးဝမ်းမြောက်လျက်ရှိကြောင်း သိရှိရသည်။
အောင်ခွီရှိန်း (ပြန်/ဆက်)