တွန်းဇံ စက်တင်ဘာ ၂၃
မြို့နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ကျင်းပသည်။
အခမ်းအနားတွင် တွန်းဇံမြို့နယ်အတွင်း Coronavirus Disease 2019 (COVID-19) ဆိုင်ရာ လုပ်ငန်းများတွင် စည်းကမ်း လိုက်နာမှု မရှိသူများနှင့် စည်းကမ်းဖောက်ဖျက်သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်မည့် လုပ်ငန်းများနှင့် မြို့နယ်ပြင်ပမှ ပြန်လည်ရောက်ရှိလာသူများအား Quarantine Center ထားရှိရမည့် အခြေအနေများကို ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ တွန်းဇံမြို့နယ်အတွင်း ဒေသန္တရအမိန့်များ ဖောက်ဖျက်ကျူးလွန်သူများ၊ ညမထွက်ရအမိန့် ကျူးလွန်သူများ၊ လူစုလူဝေးဖြင့် ဘာသာရေးဆိုင်ရာ အစည်းအဝေး အပါအဝင် အခမ်းအနားများနှင့် ဝတ်ပြုဆုတောင်းမှု ကျင်းပပြုလုပ်သူများ၊ တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်ရောက်သူများ၊ လက်ခံထားရှိသူများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ သတင်းပေးပို့ရန် ပျက်ကွက်သူများ၊ Quarantine Center များမှ ထွက်ပြေးတိမ်းရှောင်သူများ၊ ဥပဒေအရ တာဝန်ပေးအပ် ထားသည့် ဝန်ထမ်း/အဖွဲ့အစည်းများကို ရန်ပြုခုခံသူများ၊ ခြိမ်းခြောက်သူများ၊ မည်သည့်မြို့သို့ သွားရောက်ခဲ့ကြောင်း ခရီးသွား ရာဇဝင်တင်ပြရန် ငြင်းဆိုသူများ၊ နေရပ်လိပ်စာ လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့် နေရာများအား အမှန်မကန် ဖြေကြားခြင်း၊ စစ်ဆေးမှုကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ခြင်း မရှိသူများ၊ အဝေးပြေး ယာဉ်လိုင်းများဖြင့် လိုက်ပါလာပြီး မရိုးမဖြောင့်သော သဘောဖြင့် လမ်းခရီးတွင်ဆင်း၍ အခြားနည်းလမ်း တစ်မျိုးမျိုးဖြင့် ရပ်ကွက်/ကျေးရွာအတွင်းသို့ ခိုးဝင်လာသူများနှင့် လက်ခံထား သူများကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉပဒေပုဒ်မ(၂၅)ဖြင့်လည်းကောင်း Mask တပ်ဆင်ထားခြင်းမရှိဘဲ မြို့တွင်း သွားလာသူများ၊ ကျန်းမာရေး စစ်ဆေးမှုခံယူရန် ငြင်းဆိုသူများ၊ တာဝန်အရ၊ နာရေးအရ မဟုတ်ဘဲ ခရီးသွားလာ ခွင့်ပြုမိန့်မရှိဘဲ ခရီးသွားလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် သတင်းပို့ တင်ပြမှုမရှိသည့်/ သတင်းထိမ်ချန်ထားသည့် တာဝန်ရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၉၊ ပုဒ်မ ၃၀(က)အရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)