မင်းတပ် စက်တင်ဘာ ၂၃
မင်းတပ်မြို့တွင် ပိုးတွေ့လူနာသုံးဦးနှင့် ထိတွေ့ဆက်စပ်ထားသူ(၁၀၁) ဦးအား ယမန်နေ့ မှစတင်၍ Facility Quarantine Centre (၄) ခုတွင် ထားရှိထားကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၀ ရက် ဓာတ်ခွဲစစ်ဆေးမှု အတည်ပြု ထုတ်ပြန်ချက်အရ မင်းတပ်မြို့တွင် ပိုးတွေ့လူနာ သုံးဦးရှိပြီး အဆိုပါလူနာများနှင့် ထိတွေ့ ဆက်စပ်သူများ၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြန်လည်ဝင်ရောက်လာသူများကို မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ရာ နှစ်ထပ်ဆောင်၊ အထက (၁)၊ အထက(၃)ကျောင်းနှင့် ယေဇူးရွှေနှလုံးတော် ဘုရားကျောင်းအတွင်းရှိ အဆောက်အဦတွင် ထားရှိဆောင်ရွက်ရာ ယနေ့အထိ ကျား (၅၂) ဦး၊ မ (၄၉) ဦး စုစုပေါင်း ၁၀၁ ဦးရှိပြီး ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် အနီးကပ်ထိတွေ့ ဆက်စပ်ထားသူ (၆၁)ဦးအား အာခေါင်တို့ဖတ်ရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ခရိုင် ပြည်သူ့/ကုသ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဇော်ဝင်းနိုင် ထံမှ သိရသည်။
မင်းတပ်မြို့ရှိ Quarantine Centre (၄)ခုတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Mindat Covid-19 Volunteer အဖွဲ့ဝင်များက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)