မင်းတပ် စက်တင်ဘာ ၂၃
မင်းတပ်မြို့အတွင်း စားသောက်ကုန်များ ပြတ်လပ်ခြင်းနှင့် စျေးနှုန်းမြင့်တက်ခြင်း မရှိစေရေးတို့အတွက် မင်းတပ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကုန်သည်ကြီးများ၊ စျေးရောင်းချသူများ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် မင်းတပ်မြို့စည်ပင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မင်းတပ်မြို့အတွင်း စားသောက်ကုန်များ၊ ကုန်စိမ်းများပြတ်လပ်မှုမရှိစေရန် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ မကွေးတိုင်းဒေသကြီး ဆောမြို့နှင့် ကျောက်ထုမြို့များတွင် အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များ သွားရောက် ဝယ်ယူနိုင်ရန်အတွက် စီစဉ်ပေးထားကြောင်း၊ ရောင်းချရာတွင်လည်း ကုန်စျေးနှုန်းများ မြှင့်တင်ရောင်းချခြင်း မပြုကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ရောင်းဝယ်ခြင်း ပြုလုပ်ကြရန်တို့ကို ဆွေးနွေးကြသည်။
မင်းတပ်မြို့၌ စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ သုံးဦးရှိသည့် နောက်ပိုင်း စားသောက်ကုန်ဆိုင်များ ရောင်းချမှု လျော့နည်းလာကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မင်းတပ်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ကုန်သည်ကြီးများနှင့် စျေးရောင်းချသူများ တက်ရောက်ကြကြောင်း သိရသည်။
ခွီရှိန်းမောင်း(ပြန်/ဆက်)