ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင်လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ရိခေါ်ဒါရ်မြို့၌ ကွင်းဆင်း ဆောင်ရွက်

ရိခေါ်ဒါရ် စက်တင်ဘာ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနပိုင် လမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ဆောင်ရွက်သွားရန် ညွှန်ကြားချက်နှင့်အညီ ရိခေါ်ဒါရ်မြို့တွင်းရှိ လမ်းဦးစီးဌာနပိုင်လမ်းများနှင့် အနီးပတ်ဝန်းကျင်ရှိ ရွာတွင်းလမ်းများအား ဌာနပိုင်ဂရန်ရရှိရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်၊ လမ်းဦးစီးဌာန တာဝန်ခံ ဒေါ်မိုင်မာလာ၊ မြို့စည်ပင် သာယာရေးအဖွဲ့၊ မြို့လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်မြို့တွင်းရှိ လမ်းဦးစီးဌာနပိုင် လမ်းများနှင့် အနီး ပတ်ဝန်းကျင်ရှိ ကျေးရွာတွင်းလမ်းများ၏ လမ်းနယ်နိမိတ် (Right of Way)များအား ဆောက်လုပ်ရေး ဝန်ကြီးဌာနပိုင် လမ်းမြေအဖြစ် ပိုင်ဆိုင်မှု ရရှိနိုင်ရန်အတွက် ကွင်းဆင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ မြို့တွင်းရွာပိုင်းများ၏ လမ်းနယ်နိမိတ် သတ်မှတ်ချက်မှာ ပေ ၁၀၀ ဖြစ်သော်လည်း မြေပြင် အနေအထားအရ ခက်ခဲသော မြို့နှင့်ရွာတွင်း လမ်းအပိုင်းများတွင် သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရိခေါ်ဒါရ်မြို့တွင်းနှင့် အနီးပတ်ဝန်းကျင် ရွာတွင်းရှိ လမ်းဦးစီးဌာနပိုင် လမ်းများအား ဌာနပိုင် မြေဂရန်ရရှိရေး ကွင်းဆင်းစစ်ဆေး တွေ့ရှိမှုများကို သက်ဆိုင်ရာ ဌာနများမှ ချင်းပြည်နယ် အစိုးရအဖွဲ့သို့ ဆက်လက် တင်ပြသွားမည်ဖြစ်ပြီး ဌာနပိုင်လမ်းများ ဌာနပိုင်ဂရန် ရရှိပြီးပါက လမ်းနယ်နိမိတ် တိုင်များအား လမ်းဘေးဝဲ/ယာတွင် ()ကိုလိုမီတာခြားတိုင် တစ်စုံစိုက်ထူသွား ကြမည်ဖြစ်ကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)