မတူပီမြို့ ကလားကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေ ကျပ်သိန်း၁၀၀ဖြင့် ကျေးရွာ ကျောင်းသွားလမ်း လုပ်ငန်းပြီးစီးမှု အခြေအနေအား ကွင်းဆင်းစစ်ဆေး

မတူပီ စက်တင်ဘာ

ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့နယ်၊ ကလားကျေးရွာအုပ်စု၊ ကလားကျေးရွာတွင် Cash For Work (CFW) စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ကျေးရွာ ကျောင်းသွားလမ်း ဖောက်လုပ်ခြင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှုအား မတူပီခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စီမံကိန်းတာဝန်ခံ ဦးနေချစ်နှင့် တာဝန်ရှိသူများက ယမန်နေ့  နံနက်၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်း စစ်ဆေးရာတွင် မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စီမံကိန်း တာဝန်ခံ ဝန်ထမ်းများမှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု  အခြေအနေများအား လိုက်လံကြည့်ရှု တင်ပြခဲ့ပြီးနောက် ခရိုင်တာဝန်ခံ အင်ဂျင်နီယာ ဦးနေချစ် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား အဆိုပါ ကျောင်းသွားလမ်းနှင့်ပတ်သက်၍ အသုံးပြုနိုင်ရန်အတွက် ပြုပြင် ထိန်းသိမ်းခြင်း အစီအစဉ်များထားရှိရန်နှင့် လမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုမှာကြားခဲ့သည်။

အဆိုပါကျေးရွာ ကျောင်းသွားလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းသည် လမ်းအရှည်ပေ ၁၃၂၀ အကျယ်ပေ ၆ ပေဖြစ်ပြီး စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၁၀၀)ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့မှစတင် ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီး ဖြစ်သဖြင့် ကလားကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ သွားလာရေး အဆင်ပြေချောမွေ့ပြီး ကျေးရွာသူ ကျေးရွာများ အနေဖြင့်လည်း သွားလာရေး အဆင်ပြေနေပြီ ဖြစ်သည့်အတွက် များစွာဝမ်းသာနေကြကြောင်း မတူပီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)