ဟားခါး၌ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ အသုံးပြုမှုနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှု ရှိ၊မရှိ ကွင်းဆင်းစစ်ဆေး

ဟားခါး စက်တင်ဘာ  ၂၂

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဦးဆောင်သော ပူးပေါင်းကော်မတီအဖွဲ့တို့သည် ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များတွင် အသုံးပြုမှု ရှိ/မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထားသည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်ပူးပေါင်းကော်မတီအဖွဲ့များတွင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူ ရေးရာဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် အရောင်းဆိုင်(၁၀)ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြရာ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများကို စျေးကွက်အတွင်း ရောင်းချရန် မသင့်တော့သဖြင့် သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန် စားသောက်ကုန်များကို  ကော်မတီ ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မီးရှို့ဖျက်ဆီးသွားမည် ဖြစ်ကြောင်း၊ ဆက်လက်၍ ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သက်မှတ်စံနှင့် ကိုက်ညီမှုမရှိသည့် ဆေးဝါးများ၊ အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)