တွန်းဇံမြို့၌ Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူများအား အရေးယူ

တွန်းဇံ စက်တင်ဘာ ၂၂

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ နံနက် ၁၀ နာရီအချိန် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာ လာသူများအား အရေးယူခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

တွန်းဇံမြို့နယ်အတွင်း နေအိမ်ပြင်ပထွက်ခွာလာပါက Mask တပ်ဆင်ကြရန်နှင့် Mask တပ်ဆင်ခြင်း မရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာ သူများကို  သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  Coronavirus Disease(19) တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ မြို့နယ်အဆင့်မှ ပညာပေးကာလနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့်အညီ ပူးပေါင်းအဖွဲ့ဖြင့် အရေးယူဆောင်ရွက်မည့် အခြေအနေကို     (--၂၀၂၀)ရက်နေ့တွင် ထုတ်ပြန် ကြေညာထားပြီးဖြစ်သည်။ ထို့ကြောင့် ပူးပေါင်း အဖွဲ့များဖြင့် တွန်းဇံမြို့၊ ဗိုလ်ချုပ်လမ်းမ၊ ချင်းရွှေပြည်ခန်းမရှေ့တွင် စတင်စစ်ဆေး ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် Mask တပ်ဆင်ခြင်းမရှိဘဲ နေအိမ်ပြင်ပ ထွက်ခွာလာသူ (၁၂)ဦးကို မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ တရားလိုပြုလုပ်ပြီး စတင်ရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)