ပလက်ဝ စက်တင်ဘာ ၂၂
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တာဝန်ကျ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များမှထောက်ပံ့ပေးအပ်သည့် စက်ဘီးအစီး(၆၀) အား ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာ အသီးသီးသို့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စက်ဘီးများကို စက်တင်ဘာလ ၅ ရက်နေ့က ပလက်ဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် တိုက်ပွဲရှောင်စခန်းများရှိ တိုက်ပွဲရှောင်များကို ကူညီထောက်ပံ့မှု များ ပြုလုပ်ရန် ရောက်ရှိနေသော ချင်းပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့်အဖွဲ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကီမိုခန်းမ၌ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစက်ဘီးများကို ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် Robust Goal Construction Co.,Ltd တို့မှ လှူဒါန်းပေးအပ်ခြင်းဖြစ်ပြီး ပလက်ဝမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက တစ်ဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးသို့ဝန်ထမ်းဦးရေအလိုက် ဖြန့်ဝေပေးအပ်ခဲ့ကြောင်းသိရသည်။
အောင်ကျော် (ပလက်ဝ)