လိုင်လင်းပီ စက်တင်ဘာ ၂၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ်အောက် ကလေးသူငယ်များအား လစဉ်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ အဆိုပါ ထောက်ပံ့ငွေများထုတ်ယူရာတွင် လိုအပ်သည့် အကျိုးခံစားသူ မှတ်တမ်းစာအုပ် အသစ်ပြုလုပ်ပေးခြင်းနှင့် အကျိုးခံစားသူ ကလေးသူငယ်အား စာရင်းသွင်း မှတ်ပုံတင်ခြင်းဆောင်ရွက်ပေးခြင်းကို ချင်းပြည်နယ်၊ လိုင်လင်းပီမြို့၊ MTP Hall ၌ ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အကျိုးခံစားသူမှတ်တမ်းစာအုပ် အသစ်ပြုလုပ်ပေးခြင်း၌ ပါဝင်ဆောင်ရွက်ပေးသည့် တာဝန်ရှိသူ တစ်ဦးမှ "ထောက်ပံ့ငွေပေးဖို့အတွက် အရင်ဆုံးအမည်စာရင်းသွင်းတဲ့အချိန်မှာ ကိုယ်ဝန်ဆောင်မိခင်အမည်နှင့် လျှောက်ထားရတယ်။ မီးဖွားပြီးရင် ကလေးနာမည်နှင့် အမည်ပေါက်ဖို့အတွက် အကျိုးခံစားသူ ကလေးသူငယ် အား စာရင်းသွင်း မှတ်ပုံတင်ခြင်းပုံစံနှင့် လိုအပ်တဲ့အချက်အလက်တွေ ဖြည့်သွင်းဆောင်ရွက်ပေးနေတာ ဖြစ်တယ်” ဟု ပြောကြားပြီး ကလေးသူငယ်ဦးရေ(၅၀)ကျော်ကို အကျိုးခံစားသူမှတ်တမ်းစာအုပ်အသစ် ပြုလုပ် ပေးခဲ့သည်။
လိုင်လင်းပီမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးသူငယ်များ အတွက် ထောက်ပံ့ ငွေများကို စက်တင်ဘာလအထိထုတ်ပေးခဲ့ကြပြီး ထောက်ပံ့ငွေ ထုတ်ယူနိုင်ရေးအတွက် အသစ်လျှောက်ထား လာသူများကိုလည်း လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ထောက်ပံ့ငွေများကို ဒီဇင်ဘာလတွင် ပြန်လည်ပေးအပ်ကြမည်ဖြစ်ကြောင်း သိရသည်။
ယာကမ် (ပြန်/ဆက်)