ဟားခါး စက်တင်ဘာ ၂၁
ချင်းပြည်နယ်၏ မြို့တော်ဖြစ်သည့် ဟားခါးမြို့အား မြို့တော်အင်္ဂါရပ်နှင့်အညီ ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဝင်ငွေတိုးစေရေး၊ စည်ပင်သာယာရေး ဥပဒေနှင့်အညီ ကားကြီးဝင်း ကားအဝင်၊ အထွက် စည်းကမ်းတကျ လိုက်နာ နိုင်စေရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဟားခါးမြို့၊ ဟားခါး-ဂန့်ဂေါလမ်း ကားကြီးဝင်း အတွင်း ဝင်ရောက်သည့် ကားနှင့်ဆိုင်ကယ် ဝင်ကြေးများကို စက်တင်ဘာလမှ စတင်ကောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ ကားကြီးဝင်း ဝင်ကြေးကို ကားကြီးတစ်စီး တစ်နေ့စာ (၂၀၀၀)ကျပ်၊ ကားလတ်တစ်စီး တစ်နေ့စာ (၁၅၀၀)ကျပ်၊ ကားလေးတစ်စီး တစ်နေ့စာ(၁၀၀၀)ကျပ်၊ သုံးဘီးတစ်စီး တစ်နေ့စာ(၁၀၀၀)ကျပ်နှင့် ဆိုင်ကယ်တစ်စီး တစ်နေ့စာ (၂၀၀)ကျပ် စသည့် ယာဉ်အမျိုးအစားအလိုက် တစ်နေ့စာဝင်ထွက် သွားလာခွင့် နှုန်းထားများကို သတ်မှတ် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးအတွက် စည်ပင် သာယာရေး ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ကြရန် ဖြစ်ကြောင်းနှင့် လိုက်နာဆောင်ရွက်ခြင်း မရှိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။
အောင်ခွီရှိန်း(ပြန်/ဆက်)