ဝေါလေမြိုင်မြို့တွင် ဂေါ်လီချောင်းရေ မြင့်တက်လာသောကြောင့် နေအိမ်များနှင့်ဆိုင်ခန်းများ ရေဝင်ရောက်မှုဖြစ်ပွား

ဝေါလေမြိုင် စက်တင်ဘာ ၁၉

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် ယမန်နေ့ည ၁၁ နာရီအချိန်မှစတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့နံနက် ၄  နာရီခွဲအချိန်တွင် ဂေါ်လီချောင်းရေသည် စိုးရိမ်ရေအမှတ် ၁၃ ပေထက် ကျော်လွန်ပြီး ၁၄ ပေထိ မြင့်တက်လာသောကြောင့် ဝေါလေမြိုင်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြေအနိမ့်ပိုင်း နေရာတချို့ရှိ နေအိမ်များနှင့် ဈေးဆိုင်ခန်းများ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရေများဝင်ရောက်ခဲ့သည့် နေအိမ်(၁၇)လုံးနှင့် ဈေးဆိုင်ခန်း(၁၀)ခန်းရှိ ပစ္စည်းများကို ဝေါလေမြိုင်နယ်မြေစခန်းမှ ရဲအုပ်မောင်မောင်ရွှေနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ရဲလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေး တာဝန်ရှိသူများ က နေရာရွေ့ပြောင်းခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ပြီး နေအိမ်များနှင့် ဆိုင်ခန်းများ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

နိုင်မျိုးသင်း(ပြန်/ဆက်)