ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် နယ်စပ် ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ ခရိုင်အုပ်ချုပ်ရေးမှူး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွာသစ် စက်တင်ဘာ ၁၈


ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ နေ့စဉ် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လယ် (၂) နာရီအချိန်က ဘောလခဲခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုငအုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် ခရိုင်၊ မြို့နယ်အဆင့် ကော်မတီဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ပြည်တွင်းခရီးသွားများ အား နေ့စဉ်ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မေးမြန်း၍ မှတ်တမ်းရေးသွင်းခြင်း၊ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝင်ရောက်လာသူများ ရှိပါက ကျန်းမာရေးထောက်ခံချက်များ စိစစ် ခြင်းနှင့် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်နှင့် အဖွဲ့က လုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တာဝန်ကျ ဝန်ထမ်းများ အား နေ့စဉ် စောင့်ကြပ်စစ်ဆေးမှု လုပ်ငန်းများကို တင်းကြပ်စွာ ဆောင်ရွက်သွားရန်၊ လိုအပ်ချက်များ ရှိပါက တာဝန်ရှိသူများကို တင်ပြကြရန်နှင့် ထူးခြားမှုများရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
နန်းဆွေဆွအေး(ပြန်/ဆက်)