ဖရူဆို စက်တင်ဘာ ၁၈
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာများနှင့် ဈေးကော်မတီတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/ မရှိ စစ်ဆေးခြင်းနှင့် (Mask) စနစ်တကျ တပ်ဆင်အသုံးပြုနိုင်ရေး အသိပညာပေးခြင်းကို ယနေ့ နံနက် (၇) နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းကူးစက်မှုနှုန်း များပြားလာသည့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မြို့မဈေး၌ ဈေးရောင်းချသူများနှင့် ဈေးဝယ်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်ပြီး သွားလာခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန် ချက်များ၊ စည်းကမ်းချက်များနှင့်အညီ ပြည်သူများ လိုက်နာနေထိုင်သွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ဈေးကော်မတီဝင်များ ပူးပေါင်းအဖွဲ့သည် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း မရှိသူများအား အရေးယူဆောင်ရွက်သည့်အနေဖြင့် (Mask) တစ်ခုကို ငွေကျပ် (၁၀၀၀)နှုန်းဖြင့် ချက်ချင်းဝယ်ယူတပ်ဆင်စေ၍ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် ခရီးသွားပြည်သူများ၊ ဈေးဝယ်သူနှင့် ဈေးရောင်းသူ များ ယခင်ကထက် နှာခေါင်းစည်း (Mask) ကို အလေးထား တပ်ဆင်အသုံးပြုလာကြောင်း သိရှိရသည်။
တောရယ်(ပြန်/ဆက်)