ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း KTV​ ဖျော်ဖြေရေးဆိုင်များ ဖွင့်လှစ်နေခြင်း ရှိ၊မရှိ ရှောင်တခင်စစ်ဆေး

ဟားခါး စက်တင်ဘာ  ၁၈

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် KTV​ ဖျော်ဖြေရေးဆိုင်များအား ချင်းပြည်နယ် ​ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိကို စစ်ဆေးရေး အဖွဲ့မှ ယမန်နေ့ ည ၇ နာရီခွဲအချိန်က ဟားခါးမြို့၊ KTV​ ဖျော်ဖြေရေးဆိုင်များအား ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့ကို ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှချိုက အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးနေရဲထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးမာန်ဟာအွမ်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းတို့ ပူးပေါင်းပါဝင်သည့် စစ်ဆေးရေးအဖွဲ့က ဟားခါးမြို့အတွင်း KTV​ ဖျော်ဖြေရေး ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးကာလအတွင်း ဖွင့်လှစ်ထားမှု ရှိ၊ မရှိကို ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဟားခါးမြို့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့်အတွက် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV ဖွင့်လှစ်ခြင်း ခွင့်မပြုထားကြောင်းနှင့် ဖွင့်လှစ်ထားသည်များ စစ်ဆေးတွေ့ရှိပါက သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)