ကျီခါး စက်တင်ဘာ ၁၇
ချင်းပြည်နယ်၊ ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ လူကုန်ကူးမှု အန္တရာယ်တားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့နံနက်(၁၀)နာရီ အချိန်က ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ Talk Show ကို ကိုဗစ်-၁၉ကာလအတွင်း အသိပညာ ပေးဆွေးနွေးပွဲများကွင်းဆင်း ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် ပြည်သူများအနေဖြင့် Online မှတစ်ဆင့် ကြည့်ရှုပြီး အသိပညာ ဗဟာသုတ ရရှိစေရန်အတွက် " လူကုန်မှုအန္တရာယ် တားဆီးကာကွယ်ရေး" ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲ Talk Show ဆောင်ရွက်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲတွင် ကျီခါးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဦးလိန်းမာန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူကုန်ကူးမှု ဖြစ်စဉ်နှင့် လူကုန်ကူးမှုကျူးလွန်သူများ အတွက် ချမှတ်ထားသည့် ပြစ်မှု၊ ပြစ်ဒဏ်အကြောင်းအရာများကို မေးမြန်းရာ ကျီခါးနယ်မြေ ရဲစခန်းမှ ဒု-ရဲအုပ်ထိန်လင်းဟန်က ပြန်လည် ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ကျီခါးမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဦးလျန်မွန့်ဆူမ်းနှင့် ကျီခါးလူငယ်ကိုယ်စားလှယ် မညောင်မေရီအောင်တို့က လူကုန်ကူးမှု လျော့နည်း ပပျောက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းလိန်းမာန်(ပြန်/ဆက်)