ဟားခါး−ဂန့်ဂေါလမ်းတွင် မော်တော်ယာဉ်တစ်စီး အရှိန်လွန်မောင်းနှင်ရာမှ ပေ(၅၀၀)ခန့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ဟားခါး         စက်တင်ဘာ             ၁၇

ချင်းပြည်နယ် ဟားခါးမြို့မှ (၁၃)မိုင်ခန့်အကွာ ဟားခါး−ဂန့်ဂေါလမ်းတွင် ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာ လာသော ခြောက်ဘီးကားအဖြူရောင်ယာဉ်သည် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က ယာဉ်အရှိန်လွန် မောင်းနှင်ရာမှ ပေ(၅၀၀)ခန့်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဂန့်ဂေါမှ ဟားခါးသို့ ထွက်ခွာလာသော ယာဉ်ပိုင်ရှင် ဒေါ်ငွန်ဇဒင်း၊ ယာဉ်မောင်း ဦးကိုင်ဒိုက်လျန် အသက် (၃၂) နှစ်၊  မောင်းနှင်လာသည့် ခြောက်ဘီးကား အဖြူရောင်ယာဉ်သည် ကြက်ကောင်ရေ(၈၀၀)ခန့် တင်ဆောင်ပြီး မောင်းနှင်ရာမှ အရှိန်လွန်၍ချောက်ထဲသို့ ထိုးကျကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ယာဉ်တိမ်းမှောက်သည့် နေရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်မှု ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီး စုစုပေါင်း (၂)စီးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ယာဉ်မောင်း ဦးကိုင်ဒိုက်လျန်မှာ ယာဘက်ခြေမ ပေါက်ပြဲဒဏ်ရာ၊ နောက်ကျော ပွန်း/ခြစ် ဒဏ်ရာ (မစိုးရိမ်ရ)နှင့် ယာဉ်နောက်လိုက် ဦးဗန်နီလျန် အသက်(၁၈)နှစ်မှာ ဝဲဘက်အပေါ် မျက်ခုံးပေါက်ပြဲ ဒဏ်ရာ၊ ယာဘက်တစ်တောင်ဆစ်ပွန်း/ခြစ်ဒဏ်ရာ၊ နောက်ကျော ပွန်း/ခြစ်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိပြီး ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ခရီးသွားပြည်သူ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှသိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဦးကိုင်ဒိုက်လျန်အား ဟားခါးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကျော်စွာဟိန်း