ဖားဆောင်းမြို့နယ်နှင့် မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဖားဆောင်း စက်တင်ဘာ ၁၇

ဖားဆောင်းမြို့နယ်နှင့်မော်ချီးဒေသ၌ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက် မပြတ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဖားဆောင်းမြို့နယ် ပူးပေါင်းစစ်ဆေးရေး ဂိတ်နှင့် မော်ချီးဒေသအမှတ်(၂) စစ်ဆေးရေးဂိတ်၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက နေ့စဉ် နေ့/ည စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာ၌ လမ်းသွားလမ်းလာပြည်သူများ၊ မော်တော်ယာဉ်လိုင်းများပေါ်တွင် လိုက်ပါလာသည့် ခရီးသည်များအား Mask တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ တပ်ဆင်ခြင်းမရှိပါက ချက်ခြင်း ဝယ်ယူတပ်ဆင်စေခြင်း၊ အခြားဒေသမှ ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသွား ထောက်ခံချက်မပါရှိပါက ၄င်းနေထိုင်ရာနေရာဒေသတို့ ချက်ခြင်းပြန်လည်စေလွတ်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးစေခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မော်ချီးဒေသ ရပ်ကွက်ကျေးရွာများတွင်းတွင်လည်း ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် ညမထွက်ရအမိန့် လိုက်လံဆော်သြခြင်းများနှင့် အလားတူ ဖားဆောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌လည်း အသိပညာပေးခြင်း၊  ညမထွက်ရအမိန့် လိုက်လံဆော်သြခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)