ထန်တလန် စက်တင်ဘာ ၁၇
ချင်းပြည်နယ်၊ ဟားခါးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး၊ ထန်တလန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်နှင့် ကော်မတီဝင်များ သည် ယနေ့ နံနက် ၉ နာရီတွင် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် အကြောင်းအမျိုးမျိုးကြောင့် ဖြတ်သန်းသွားလာ ဝင်ရောက်သည့် ခရီးသွားပြည်သူများအား စိစစ် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထန်တလန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့်က မြို့အဝင်အထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထန်တလန် မြို့ဘက်သို့ ဖြတ်သန်းသွားလာ ဝင်ရောက်သည့် မော်တော်ယာဉ်၊ ခရီးသွားပြည်သူများ အဝင်အထွက် စိစစ်ဆောင်ရွက်ထားရှိမှုနှင့် ကုန်စည်စီးဆင်းမှု ကြန့်ကြာမှု မရှိစေရေးတို့အတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် စစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးရာတွင် မည်သည့်ဒေသမှ လာရောက်သည်ဖြစ်စေ သက်ဆိုင်သည့် ခရီးသွားထောက်ခံချက် ပါရှိမှသာလျှင် ဝင်/ထွက်ခွင့်ပြုခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ စတင်ထွက်ခွာလာသည့် ဒေသနှင့် သွားရောက်မည့် ဒေသများမှတ်တမ်း ရယူခြင်းများကို စနစ်တကျ ဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားပြီး တာဝန်ကျ ဝန်ထမ်းများအတွက် နှာခေါင်းစည်း (Mask)နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)