ရိခေါ်ဒါရ် စက်တင်ဘာ ၁၇
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ချင်းပြည်နယ် ပြည်တွင်း အခွန်များဦးစီးဌာနမှ ပြုလုပ်သော ပြည်တွင်း၌ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုး အခွန်တံဆိပ် ကပ်နှိပ်ရောင်းချရေး လုပ်ငန်းစီမံချက် ဆိုင်ရာရှင်းလင်းပွဲကို ယမန့်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ လုပ်ငန်းစီမံချက်ဆိုင်ရာဆွေးနွေးပွဲတွင် ချင်းပြည်နယ် အခွန်ဦးစီးဌာနမှ ပြည်နယ်အခွန်ဦးစီးမှူး လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်အောင်မိုးနှင့် ချင်းပြည်နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးပြေသာဟိန်းတို့က ရှင်းလင်းဆွေးနွေးရာတွင် ပြည်တွင်း၌ နိုင်ငံခြား ဖြစ်အရက်အမျိုးမျိုး တရားဝင် တင်သွင်းခွင့်ရရှိလာမည့် လုပ်ငန်းရှင်များ အနေဖြင့် စျေးကွက်အတွင်း နိုင်ငံခြားဖြစ်အရက်များ တရားမဝင်တင်သွင်းရောင်းချနေသော လုပ်ငန်းရှင်များနှင့် ယှဉ်ပြိုင်ရောင်းချရာတွင် နစ်နာမှုမရှိစေရေး အတွက် အရောင်းပိုင်ရှင်များအနေဖြင့် ကျသင့်သည့်အခွန်များ ထမ်းဆောင်ပြီး အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရိခေါ်ဒါရ်မြို့အတွင်းရှိ ယစ်မျိုးလိုင်စင်စီအရောင်းဆိုင်များရှိ နိုင်ငံခြားဖြစ် အရက်အမျိုးမျိုးအား ကျသင့်သည့် အခွန်များထမ်းဆောင်ပြီး အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ပေးခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှ One Stop Service စနစ်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
လာလ်ပက်လောမ် (ပက်ကာ)