တွန်းဇံ စက်တင်ဘာ ၁၆
ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမ၌ ယနေ့နံနက်(၉)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတွာလ်လျန်းထန်တို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်ဆင့်ပွားသင်တန်းတွင် မဲစာရင်းပြုစုခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်း၊ နိုင်ငံရေး ပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ အငြင်းပွားမှုများ ဖြေရှင်းခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ အခန်းကဏ္ဍ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့်မဲရုံအဖွဲ့ဝင်များ၏ ရှောင်ရန်/ဆောင်ရန် အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း(ပို့/ပြ)နှင့် ရလဒ်များထုတ်ပြန် ကြေညာခြင်းနှင့် ပုံစံများအသုံးပြုခြင်း စသည့်ဘာသာရပ်များကို သင်ကြား ပို့ချပေးမည်ဖြစ်သည်။
သင်တန်းနည်းပြများအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ အဖွဲ့ဝင်များက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသားများ အဖြစ် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ(၇၀)ဦး သင်တန်းသားများ အဖြစ် တက်ရောက်ကြမည် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့်အညီ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကို အုပ်စု(၂)စုခွဲ၍ (၁၆-၉-၂၀၂၀) ရက်နေ့မှ (၁၇-၉-၂၀၂၀၂) ရက်နေ့ အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)