ခိုင်ကမ်း စက်တင်ဘာ ၁၅
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး (Talk Show ) ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ ခိုင်ကမ်းနယ်မြေရဲစန်းမှ ဒုရဲအုပ်ဇော်မင်းထိုက်၊ မြို့လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဦးပီတာငိုင်အွမ်းတို့က လူကုန်ကူးမှု လူမှောင်ခိုမှုနှင့် တရားမဝင် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သိကောင်းစရာများ၊ လူကုန်ကူးမှု ကျူးလွန်သူတို့၏ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ သိကောင်းစရာများနှင့် လူကုန်ကူးခံရသူများ ဂုဏ်သိက္ခာထိခိုက်မှု မရှိစေရေးကိစ္စရပ်များ စသည့် သိကောင်းစရာများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ Talk Show သည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် အများပြည်သူ ဗဟုသုတရရှိနိုင်စေရန် On line မှ ဆွေးနွေးအသိပညာမျှဝေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)