ဆမီး၌ တိုက်ပွဲရှောင် စခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ ပေးအပ်

ဆမီး စက်တင်ဘာ ၁၅

ဆမီးမြို့ရှိ တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆမီးမြို့ဦးစီးမှူးက "ပလက်ဝမြို့နယ်နှင့် ဆမီးမြို့မှာရှိတဲ့ တိုက်ပွဲရှောင်စခန်း (၂၄)ခုမှာရှိတဲ့ လူဦးရေ (၈၀၈၄)ဦးအတွက် တစ်လစာ ဆပ်ပြာတောင့်တွေနဲ့ ထုံးအိတ်တွေ ဖြန့်ဝေပေးတာဖြစ်တယ်၊ တိုက်ပွဲရှောင် စခန်းတစ်ခုမှာ တစ်လစာ ထုံးအိတ် (၁၀)အိတ်နှုန်းနဲ့ တိုက်ပွဲရှောင်စခန်း (၂၄)ခုအတွက် ()လစာ ဆက်လက် ထောက်ပံ့ပေး မှာဖြစ်ပါတယ်။ တိုက်ပွဲရှောင်စခန်းတွေမှာ ကူညီဆောင်ရွက်ပေးတဲ့ လူမှုရေးအသင်း အဖွဲ့ဝင်တွေကို Face Shield အခမဲ့ ဖြန့်ဝေပေးထားပါတယ်" ဟု ပြောကြားသည်။

တိုက်ပွဲရှောင်စခန်းများ၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်ဆေးဘေစင်များ၊ အပူချိန်တိုင်း ကိရိယာများ၊ ဆပ်ပြာတောင့်များနှင့် ထုံးအိတ်များ ထောက်ပံ့ပေးအပ်သည့်အပြင် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လဲ့လဲ့ခိုင်(ပြန်/ဆက်)