ဟားခါးမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ် (၂/၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာစေရေး အသိပေးဆောင်ရွက်

ဟားခါး  စက်တင်ဘာ  ၁၄

ချင်းပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန်များနှင့် ဟားခါးမြို့နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေးအတွက် ဟားခါးမြို့နယ်အတွင်း မြို့ပေါ်၊ကျေးရွာများ အားလုံးသို့ အသံချဲ့စက်ဖြင့် အသိပေးကြေညာများကို  နေ့စဉ်အရှိန်အဟုန်မြင့် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက အသံချဲ့စက်များ၊ လက်ကိုင်စပီကာများဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဆောင်ရန်ရှောင်ရန် များနှင့် ဟားခါးမြို့နယ်သ ဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀ ၂၀) ကို နေ့၊ ည အချိန်မှန် အသိပေး ကြေညာပေးလျက်ရှိသည်။

အဆိုပါ ဟားခါးမြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(၂/ ၂၀၂၀) တွင် မိမိအိမ်နှင့် ပတ်ဝန်းကျင်တွင် ပြည်တွင်း ပြည်ပများမှ ပြန်လည်ရောက်ရှိလာသူများရှိပါက Facility Quarantine ထားရှိနိုင်ရေးအတွက် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်သွယ်သတင်းပို့ပေးကြရန် အပါအဝင် ပြည်သူအများ လိုက်နာရမည့် အချက်ပေါင်း (၁၀)ချက်ပါဝင်ပြီး ပြည်သူများ သိရှိလိုက်နာမှု ရှိစေရန်အတွက် အရှိန်အဟုန်မြှင့် ကြေညာပေး လျက်ရှိကြောင်း၊ ညွှန်ကြားချက်များကို လိုက်နာခြင်း မရှိသူများအား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရှိရသည်။

 အောင်ခွီရှိန်း(ပြန်/ဆက်)