ရန်ကုန်တိုင်းဒေသကြီး၌ (၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖမ်းဆီးရမိ၊ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီး

ရန်ကုန်  ဇွန် ၂၆

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းကို ယနေ့ နံနက်(၆)နာရီအချိန်က ရန်ကုန်အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မီးရှို့ဖျက်ဆီးခြင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက အဖွင့်အမှာစကား ပြောကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ဝင်းတင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ် ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့သည့် သဝဏ်လွှာအား ဖတ်ကြားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်မျိုးမင်းထိုက်က ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများအား လှည့်လည်ကြည့်ရှုပြီး စက်ခလုပ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့သည်။ မီးရှို့ဖျက်ဆီးရာတွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည် နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခဲ့သော မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း အမျိုးအစား(၂၅)မျိုးဖြစ်ပြီး ကာလတန်ဖိုး ကျပ်သန်း (၃၂၀၁၆၂)၊ အမေရိကန်ဒေါ်လာ သန်းပေါင်း(၂၀၀) တို့အား မီးရှို့ဖျက်ဆီးခဲ့ပြီး ကျင်းပပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို၊ မျိုးသန့်

(ပြန်/ဆက်)