လှည်းကူး သြဂုတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက်ကုဒင်ကျေးရွာအုပ်စု၊ ကမ္မာနိဗ္ဗာန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ပထမအကြိမ်ထုတ်ချေးပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများများက အဆိုပါကျေးရွာ၌ ကွင်းဆင်းထုတ်ချေးပေးသည်။
ဦးစွာ လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးက ကမ္မာနိဗ္ဗာန်ကျေးရွာရှိ ရပ်မိရပ်ဖများ၊ မြစိမ်းရောင်ကျေးရွာစီမံကိန်း အသင်းသူ၊ အသင်းသားများနှင့် တွေ့ဆုံကာ လည်ပတ်ရန်ပုံငွေများ ထုတ်ချေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက စီမံကိန်းအကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များထံအရင်းမ ပျောက်လည်ပတ်ရန်ပုံငွေကျပ် (၂၉၄) သိန်းကို လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းအဖွဲ့ဝင်များက ကမ္မာနိဗ္ဗာန်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ကိုင်မည့် စုစုပေါင်း အသင်းသူ၊ အသင်းသား(၆၄)ဦးထံသို့ ပထမအကြိမ် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ စုစုပေါင်း ငွေကျပ်(၂၉၄)သိန်းကို အတိုးနှုန်းသက်သာစွာဖြင့် အသင်းသူ၊ အသင်းသားများ၏ တစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရှိရသည်။
အေးအေးနွဲ့ (ပြန်/ဆက်)