ဝေးလံခေါင်ဖျားဒေသသတင်းများ

Feb 29,2020
ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၁၅၄၃)ဦးတို့အတွက် နိုင်ငံတော် အစိုးရမှ ထောက်ပံ့သည့် အမျိုးသားလူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ စကားဝါခန်းမတွင် ကျင်းပရာ၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေဦးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်က ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ လက်သို့ပေးအပ်လိုက်သည့် ငွေများသည် အသက်(၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် အမျိုးသားလူမှုရေး ပင်စင်ငွေများ ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ နေ့/ညမဆိုင်ပဲ မိမိတို့ကျေးရွာများသို့ ပြန်ရောက်လျှင်ရောက်ချင်း တစ်ဦးချင်းထံသို့ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ကြစေလိုကြောင်းနှင့် မိမိတို့ကိုယ်တိုင်လည်း ရပ်ကွက်များရှိ သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် သွားရောက်တွေ့ဆုံ၍ ထောက်ပံ့ပေးအပ်ကြမှာ ဖြစ်ပါကြောင်း၊ ငွေကြေးပျောက်ရှခြင်း အစရှိသည့် မည်သည့်ကိစ္စမျှ မဖြစ်ပေါ်ကြစေရန် သတိပြု ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
Feb 28,2020
မီးရထားဖြင့် ခရီးသွားလာကြမည့် ခရီးသွားပြည်သူမိဘများ သွားလာရေး အဆင်ပြေ လွယ်ကူစေရန်အတွက် ကိုရီးယားနိုင်ငံမှ ရောက်ရှိလာသည့် Air Con လေအိတ်ရထားကို အဆိုင်းနှစ်ဆိုင်းဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ အမှတ်(၃၂) အစုန်ရထား မတ် ၂ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
Feb 28,2020
ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများအတွက် ကြိုတင်ကာကွယ်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် ရေရှည်တည်တံ့မှုရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့တွင် လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် လူမှုရေးရာ အသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီက တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်လူငယ်ရေးကော်မတီတို့ ပူးပေါင်း၍ မုန့်မျိုးစုံ ပြုလုပ်နည်းနှင့် ပန်းအလှဆင်သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
Feb 28,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မန္တလေး ပြန်လည် ထူထောင်ရေးစခန်းမှ ကြီးမှူးဖွင့်လှစ်သော စခန်းနှင့် ရပ်ရွာအခြေပြု ပြန်လည်ထူထောင်ရေး သင်တန်း ၁/၂၀၂၀ ဖွင့်ပွဲကို မန္တလေးမြို့၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂ လမ်းကြားရှိ မန္တလေး ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမတွင် ယနေ့ နံနက် ၉ နာရီက ကျင်းပ ပြုလုပ် သည်။
Feb 28,2020
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးရပ်ကွက်ရှိ သမိုင်းဝင်ကန်တော်မင်္ဂလာရေကန်မှ မီးဘေး အန္တရာယ်တားဆီးကာကွယ်ရေးအတွက် ရေကန်အနီးရှိ ရေဂါလံ(၆၀၀၀)ဆန့်ရေစင်မှ နောက်လယ်ရပ်ကွက် အောင်ချမ်းသာဓမ္မာရုံ ရေကန်အထိ ရေပိုက်သွယ်တန်းကာ မီးငြှိမ်းသတ် ရေပိုက်ငုတ်များကို စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တိုးချဲ့တပ်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပပညာဦးစီး ဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား နွေရာသီ ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် မျိုးဆက်သစ် အားကစား လူငယ်မောင်မယ်များ ပေါ်ထွန်းလာ စေရန် ရည်ရွယ်၍ နွေရာသီ အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းတို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က ဘုတလင်မြို့၊ မြို့မဈေးရှိ ဈေးဆိုင်ခန်းများတွင် လျှပ်စစ်မီး သွယ်တန်းထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။