နေပြည်တော် မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိအထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေအပါအဝင် ပိတ်ရက်မရှိသတ်မှတ်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာ ကျောင်းအသီးသီး၌ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မေ ၂၅ ရက် နံနက်ပိုင်းမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆက်လက်အပ်နှံဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများအားတစ်ပါတည်းပေးအပ်ကြသည်။
ယင်းသို့ ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်နေသည့် ဆရာ၊ဆရာမများနှင့် ကျောင်းများ၏ လုံခြုံရေး၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက်လည်း သက်ဆိုင်ရာလုံခြုံရေး တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုကဲ့သို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် မူလတန်းမှ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံရာတွင် မူလတန်းအဆင့်အတွက် သင်ရိုးညွှန်းတမ်း ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄) ချောင်းနှင့် ကျောင်းဝတ်စုံ (၁) စုံ၊ အလယ်တန်းနှင့် အထက်တန်းအဆင့်တို့တွင် သင်ရိုးညွှန်းတမ်းပုံနှိပ် စာအုပ်တစ်စုံ၊ ဗလာ စာအုပ် တစ်ဒါဇင်၊ ခဲတံ (၂) ချောင်းနှင့် ဘောပင် (၂) ချောင်းတို့ကို နိုင်ငံတော်က အခမဲ့ထောက်ပံ့ပေးအပ်သွားမည့်အပြင် အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ဖြစ် သောကြောင့်ကျောင်းဝင်ကြေးနှင့် အခြားမည်သည့် ကြေးမျှပေးသွင်းရန်မလိုဘဲ အခမဲ့အပ်နှံနိုင်ကြောင်း သိရှိရသည်။
ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများ၊ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူများနှင့် အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ နေပြည်တော် ရွာတော်မင်္ဂလာ ဈေးဝင်းကနေ (၅) တန်း သမီးလေးကို လာပြီးတော့ကျောင်းအပ်တာဖြစ်ပါတယ်။ ဒီကျောင်းကိုအပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျောင်းပညာရေးကလည်း ကောင်းပါတယ်။ စာသင်ကြားမှုကလည်းကောင်းပါတယ်။ ကလေးတွေရဲ့ လေ့လာမှုအားကောင်းနိုင်အောင်လို့ ဆရာမတွေရဲ့ အထောက်အပံ့တွေလည်း အများကြီးပေးတာကိုတွေ့ရပါတယ်။ ကျောင်းအပ်တဲ့အပေါ်မှာတော့ အားလုံးအေးအေးဆေးဆေး နွေးနွေးထွေးထွေးရှိသလိုမျိုးပဲ ကျောင်းကိုလာပြီးတော့ အပ်ရတဲ့အပေါ်မှာလည်း အားလုံးအဆင်ပြေပါတယ်။ အခက်အခဲတစ်ခုမှမတွေ့ပါဘူး။ ကျောင်းကထောက်ပံ့မှုတွေ အားလုံးကလည်း မနှစ်ကလည်း အပြည့်အစုံရသလို ဒီနှစ်လည်း အပြည့်အစုံရတာတွေ့ရပါတယ်။ စာအုပ်တွေ၊ ခဲတံတွေလည်း ရပါတယ်။ ပုံနှိပ်ဖတ်စာအုပ်တွေလည်းရပါတယ်။ ကျောင်းဝတ်စုံ တွေလည်း ပေးပါတယ်။
၂။ သူငယ်ချင်းတွေ အများကြီးနဲ့လည်း ကျောင်းတက်ရတယ်။ ပြီးရင် အတူတူကစားရတာတွေလည်း အလွန်ပျော်ပါတယ်။ စာသင်ရတာတွေလည်း အလွန်ပျော်ပါတယ်။ ကျောင်းလာတဲ့အခါမှာ စာသင်ရမယ်။ GRADE- 6 ဖတ်စာအုပ်တွေနဲ့ ဗလာစာအုပ်တွေရယ်၊ ခဲတံတွေရယ်၊ ဘောပင်တွေရယ်ရပါတယ်။ သမီးရဲ့အနာဂတ်ရည်မှန်းချက်ကတော့ အင်ဂျင်နီယာဖြစ်ပါတယ်။
၃။ ကျောင်းကို အလွယ်တကူအပ်လို့ရအောင်ဆိုလို့ရှိရင် စာရင်းဇယားတွေ သေချာလုပ်ထားတယ်။ မနှစ်က GRADE- 1 မှာဆိုလို့ရှိရင်လည်း GRADE- 1 မှာ အောင်ခဲ့တဲ့ အောင်စာရင်းတွေကို GRADE- 2 ဘက်ကို သယ်လာပြီး စနစ်တကျဖြစ်သွားအောင် အလွယ်တကူလည်း စာရင်းသွင်းလို့ရအောင် သေချာလေးပြုလုပ်ပေးထားပါတယ်။ ကွာခြားချက်ကတော့ သိပ်မရှိပါဘူး။ ဘာလို့လဲဆိုရင် မနှစ်ကလည်း ပုံနှိပ်၊ ရေးစာအုပ်၊ ခဲတံ၊ ဝတ်စုံတွေထောက်ပံ့သလိုပဲ ဒီနှစ်မှာလည်း အရင်နှစ်ကလိုပဲ ခဲတံ၊ ဗလာစာအုပ် အဲဒါတွေကို အခမဲ့ထောက်ပံ့ပေးပါတယ်။
သတင်းစဉ်
