ရခိုင်ပြည်နယ်

ရသေ့တောင်မြို့၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများအား ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မုန်တိုင်းဘေးအန္တရာယ် ကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွေ့ပြောင်းရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျစီစဥ်ဆောင်ရွက်လျက်ရှိရာ ရသေ့တောင်မြို့နယ်တွင်မြေနိမ့်ပိုင်းတွင် ကျရောက်သော ကျေးရွာအုပ်စု (၂၈)အုပ်စုနှင့် ကျေးရွာပေါင်း(၅၈)ရွာ၊ အိမ်ထောင်စု (၁၀၁၀၆)စုမှ လူဦရေ(၄၈၉၂၅)ဦးကို ဘေးလွတ်ရာကုန်းမြင့်ပိုင်းကျေးရွာများရှိ စာသင် ကျောင်း ဘုန်းကြီးကျောင်းများသို့ ပြောင်းရွေ့နိုင်ရန် စီစဥ်ဆောင်ရွက်လျက်ရှိသည်။ယနေ့ နေ့လယ်ပိုင်းထိ ပြောင်းရွေ့သည့်လူဦးရေ၏ ၉၀% ခန့်ရှိရာ ကျန်လူများမှာလည်းဆက်လက်ပြောင်းရွေ့ နေကြပြီး ကားများ၊ စက်လှေများဖြင့် အိမ်ထောင်စုအလိုက်ပြောင်းရွေ့ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းမိသားစုဝင်များနှင့် ပြည်သူများမုန်တိုင်းဘေးလွတ်ရာ ယာယီခိုလှုံရာ စခန်းများသို့ရွှေ့ပြောင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ပြည်သူများသည် ယမန်နေ့နံနက်ပိုင်းကစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန် ရောက်ရှိလာကြောင်း မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပုဏ္ဏားကျွန်းမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား သတိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မိုချာဆိုင်ကလုန်းမုန်တိုင်း သတိပေးချက်များအား သတိပေးနှိုးဆော်ခြင်းလုပ်ငန်းကို မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲမှ ဦးစီး၍ ယမန်နေ့၊ ညနေ(၈)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့သည်။

ဂွမြို့နယ် ၌မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်၌ မုန်တိုင်းအန္တရာယ်အသိပေးနှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် မြို့မဈေးအတွင်းနှင့် တောင်ပေါက်ကျေးရွာ၊ မကျေးငူကျေးရွာတို့တွင် လှည့်လည်နှိုးဆော်ခဲ့‌ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် အသိပေးလိုက်လံဆောင်ရွက်ခဲ့ကြသည်။

ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်ကျေးရွာများအား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေး၊ စားရေရိက္ခာများထောက်ပံ့

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦးဇာနည်ကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့နေ့လယ်ပိုင်းတွင် တောင်ပေါက်ကျေးရွာအုပ်စု၊ မကျေးငူကျေးရွာအုပ်စု၊ တင်းတောကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ လောင်းကျိုးကျေးရွာအုပ်စုတို့အား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေးခြင်းများနှင့် စားရေရိက္ခာများထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြည်သူများအနေဖြင့် မုန်တိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ကျိန္တလီမြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်တွင် အသိပညာပေးနှိုးဆော်ခဲ့သည်။

ဘူးသီးတောင်မြို့၌ သဘာဝဘေးအပေါ်အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှုအား စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်ပါက သဘာဝဘေးကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအတွက် လုပ်ငန်းသုံးပစ္စည်းများ အသင့်ကြိုတင်ပြင် ဆင်စုဖွဲ့ဆောင်ရွက်ထားရှိမှုအား ယနေ့မွန်းလွဲ၂နာရီခွဲအချိန်က စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြေပုံမြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဘူးသီးတောင်မြို့၌ သဘာဝဘေးကျရောက်နိုင်သည့် ကျေးရွာများအား ကြိုတင်ရွှေ့ပြောင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်