ကျောက်ဖြူ မေ ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းများ၏ မိသားစုဝင်များနှင့် ပြည်သူများသည် ယမန်နေ့နံနက်ပိုင်းကစ၍ မုန်တိုင်းဘေးလွတ်ရာ နေရာများဖြစ်သည့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန် ရောက်ရှိလာကြောင်း မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ထိုသို့ ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းခိုလှုံရန်ရောက်ရှိလာကြသည့် ကျောက်ဖြူအကျဉ်းထောင်မှ ဝန်ထမ်းမိသားစုဝင်များအား သတ်မှတ်ခိုလှုံရာနေရာ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်တွင်လည်းကောင်း၊ ငလပွေ့ရပ်ကွက်ခိုလှုံရာစခန်းသို့ ခိုလှုံရန်ရောက်ရှိလာသည့် ရပ်ကွက်နေပြည်သူများအား ငလပွေ့ရပ်ကွက်စာသင်ကျောင်းတွင်လည်းကောင်း လာရောက်ခိုလှုံလျက်ရှိရာ ၎င်းတို့၏ပြောင်းရွှေ့နေထိုင်ရေး၊ ချက်ပြုတ်စားသောက်ရေး၊ သောက်သုံးရေများ လုံလောက်မှုရှိစေရေး အဆင်ပြေမှုရှိ/မရှိကို ကျောက်ဖြူတပ်နယ် ဗျူဟာမှူး၊ ခရိုင်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများအဖွဲ့ဥက္ကဋ္ဌ၊ ဦးမျိုးမင်းထွဏ်းနှင့် အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား စီမံဆောင်ရွက်ပေးခဲ့သည်။ အလားတူ ကျောက်ဖြူခရိုင်/ မြို့နယ်ဌာနဆိုင်ရာရုံးများမှ အရေးကြီးစာရွက်၊ စာတမ်းများနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေစိုမခံနှိုင်သော ကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက သတ်မှတ် နေရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိသည်။
ကျောက်ဖြူမြို့၌ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများ၌ ပြည်သူလူထုအား အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ယာယီခိုလှုံရာစခန်းများ သတ်မှတ်ထားရှိခြင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ Command Post အဖွဲ့အား ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက်ထားရှိခြင်း၊ စားနပ်ရိက္ခာ၊ ရေနှင့်ဆေးဝါးများ၊ အရေးပေါ်ဆေးကုရာနေရာများ သတ်မှတ်စုဆောင်းထားရှိခြင်း၊ မုန်တိုင်းသတိပေးချက်များကပ်ထားခြင်း၊ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်များကို အချိန်နှင့်တပြေးညီနှိုးဆော်ခြင်းများ စသည့် မုန်တိုင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)