ဂွမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့်ကျေးရွာများအား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေး၊ စားရေရိက္ခာများထောက်ပံ့

ဂွ  မေ ၁၂

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင်သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ စနစ်တကျ စီစဉ်ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌဦးဇာနည်ကျော် ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယမန်နေ့နေ့လယ်ပိုင်းတွင် တောင်ပေါက်ကျေးရွာအုပ်စု၊ မကျေးငူကျေးရွာအုပ်စု၊ တင်းတောကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ လောင်းကျိုးကျေးရွာအုပ်စုတို့အား ကွင်းဆင်း၍ သဘာဝဘေးအခြေအနေများအား အသိပညာပေးခြင်းများနှင့် စားရေရိက္ခာများထောက်ပံ့ပေးအပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက  မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကျရောက် လာပါက ထိခိုက်မှုများရှိနိုင်သည့် တောင်ပေါက်ကျေးရွာအုပ်စု၊ မကျေးငူကျေးရွာအုပ်စု၊ တင်းတောကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာအုပ်စု၊ လောင်းကျိုးကျေးရွာအုပ်စုတို့ရှိ ဒေသခံပြည်သူများအား  တွေ့ဆုံ၍   မုန်တိုင်းကြောင့် သဘာဝဘေးအန္တရာယ်ကျ ရောက်နိုင်သဖြင့် ဘေးလွတ်ရာနေရာသို့ အချိန်မီပြောင်းရွှေ့နိုင်ရေး၊ ရွှေ့ပြောင်းဆောင်ရွက်မည့်အစီအစဉ်များ၊ မှန်ကန်ခိုင်လုံသည့် သတင်းများအား ကြည့်ရှု နားထောင်စေရေးနှင့်  မုန်တိုင်းအန္တရာယ် ကာကွယ်နိုင်ရေးအတွက် အသိပညာဗဟုသုတများအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေသန့်ဗူး၊ ရေပုံးတို့ဖြင့် အသက်ကယ်နည်းလမ်းများအား သရုပ်ပြဆောင်ရွက်ခြင်း၊ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေး ခိုလုံစဉ်ကာလတိုအတွင်း စားသောက်နိုင်ရန် ရေသန့်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်