နေပြည်တော် ဇွန် ၂၉
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇွန် ၂၇ ရက်က တွန်းဇံမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပြီး ကျောင်းလိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ဆရာ၊ ဆရာမများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းလှပရေးအတွက် မြို့မိမြို့ဖများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေပေးအပ်သည်။
တွန်းဇံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၄၄ ကျောင်းဖွင့်လှစ်ပြီး ကျောင်းသား ကျောင်းသူ ၃၄၄၆ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တွန်းဇံမြို့ရှိ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဝင်များနှင့်တွေ့ဆုံပြီး တင်ပြချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီဝင်များနှင့် ပေါင်းစပ်ညှိနှိုင်းပေးကာ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားကြရန်၊ အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြား၍ ကော်ဖီထုပ်များ ပေးအပ်သည်။
ထို့နောက် တွန်းဇံမြို့အား မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
