Skip to main content

ပြည်သူတွေအားထား မြန်မာ့မီးရထား

ဒေါက်တာသန့်စင်(ရူပဗေဒ)

နိုင်ငံတော်အစိုးရအဆက်ဆက်က ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုများ စရိတ်သက်သာစွာနှင့် အဆင်ပြေစေရန်အတွက် နိုင်ငံအနှံ့ ရထားလမ်းများ ဖောက်လုပ်ကာ ခေတ်မီရထားစက်ခေါင်းများ၊ လူစီးတွဲများ၊ ကုန်တွဲများဖြင့် ပြေးဆွဲပေးလျက်ရှိပါသည်။ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့က Irrawaddy State Railway အနေဖြင့် ရန်ကုန်-ပြည် ၁၆၁ မိုင်ကို AO 1 ရေနွေးငွေ့ စက်ခေါင်းဖြင့် စတင်ပြေးဆွဲပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံးရထားလမ်းကို စတင်ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာ့မီးရထား (MR - မမ) သည် အရှေ့တောင်အာရှ၌ အစောဆုံးစတင်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။

စစ်ကြိုခေတ်တွင် ရေနွေးငွေ့စက်ခေါင်းများဖြင့် ပြေးဆွဲနေရာမှ ပထမဆုံးအနေဖြင့် ပြင်သစ်နိုင်ငံ အယ်စသွန် (Alsthom) ကုမ္ပဏီမှ ဒီဇယ်လျှပ်စစ် စက်ခေါင်းများကို ဝယ်ယူပြီး ၁၉၅၈ ခုနှစ် ဇန်နဝါရီ လ ၄ ရက်နေ့တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၌ စတင်အသုံးပြုခဲ့ပါသည်။ နောက်ပိုင်းတွင် ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ဒီဇယ်စက်ခေါင်းများ ဝယ်ယူကာ ပြေးဆွဲပေးခဲ့ပါသည်။

နိုင်ငံအတွင်း ဘူတာရုံပေါင်း ၉၆၂ ခုအထိ တည်ဆောက်နိုင်ခဲ့

ထိုမှတစ်ဆင့် မြန်မာ့မီးရထား၏ စက်ခေါင်းများကို အဆင့်ဆင့်တိုးတက်ပြောင်းလဲပြေးဆွဲခဲ့ရာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲ ဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်ဘူတာကြီးတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။ လက်ရှိကာလတွင် နိုင်ငံအတွင်း ရထားလမ်း ခရီးမိုင် စုစုပေါင်း ၃၈၀၀ ကျော်နှင့် ဘူတာရုံပေါင်း ၉၆၂ ခုအထိ တည်ဆောက်နိုင်ခဲ့ပြီဖြစ်ပါသည်။

DEMU ရထားတွဲဆိုင်းများကို စပိန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ မှာယူခဲ့ပါသည်။ DEMU ဂျပန်တွဲဆိုင်းများ၌ ရန်ကုန်မြို့ပတ်ရထားတွင် တွဲဆိုင်း ခြောက်ဆိုင်းပါဝင်ပြီး ထိုင်စီးခရီးသည် ၃၃၂ ဦး၊ မတ်တတ်စီးခရီးသည် ၅၀၀ ခန့်နှင့် စုစုပေါင်း ၈၃၂ ဦး လိုက်ပါစီးနင်းနိုင်သည်။ ရန်ကုန်မြို့ပတ် လမ်းပိုင်းတွင် RBE တွဲ လေးဆိုင်းဖြင့် ၂၃ ခေါက်၊ DEMU တွဲဆိုင်းဖြင့် လေးခေါက် စုစုပေါင်း ၂၇ ခေါက် နေ့စဉ်ပြေးဆွဲကာ ရန်ကုန်မြို့ဝန်းကျင်ရှိ ခရီးသည်များ နေ့စဉ်ရုံးတက် ရုံးဆင်း၊ ကျောင်းတက် ကျောင်း ဆင်းနှင့် ခရီးသွားလာသူများ အဆင်ပြေစေရန် ပြေးဆွဲပေးနေပါသည်။

 ယခုအခါ ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်းတွင် BEL (Battery Electric Locomotive) စက်ခေါင်းတွဲ ဖြင့် စတင်ပြေးဆွဲခြင်းကို ၂၀၂၆ ခုနှစ် မတ်လက စတင်ခဲ့ပါသည်။ ထို့ပြင် ရန်ကုန်-နေပြည်တော်- ရန်ကုန်ခရီးစဉ်များတွင် DEMU ရထားတွဲများဖြင့် ပြေးဆွဲလျက်ရှိသည်။ ရန်ကုန် - နေပြည်တော် DEMU (ဂျပန်) တွဲဆိုင်းတွင် အထက်တန်းတွဲ တစ်တွဲ လျှင် ထိုင်ခုံ ၃၆ ခုံနှင့် အထက်တန်းတွဲ နှစ်တွဲ၊ ပထမတန်း လေးတွဲတွင် ခရီးသည် ၂၄၀ စီးနင်း လိုက်ပါနိုင်သည်။

ရန်ကုန် - နေပြည်တော် ခရီးကြာချိန် ၅ နာရီခွဲခန့်သာဖြစ်

DEMU (စပိန်) တွဲဆိုင်းတွင် အထက်တန်းတွဲ တစ်တွဲလျှင် ထိုင်ခုံ ၃၃ ခုံနှင့် ပထမတန်း လေးတွဲတွင် ထိုင်ခုံ ၂၂၄ ခုံ ပါရှိသည်။ ခရီးသည်များ ရထားစီးနင်းရာတွင် လက်မှတ်ဝယ်ယူမှု အဆင်ပြေ စေရန်အတွက် ခုနစ်ရက် ကြိုတင်၍ ရထားလက်မှတ်များကို အွန်လိုင်းစနစ်ဖြင့် (ortp. railways.gov.mm) အသုံးပြုကာ ဝယ်ယူနိုင်သည်။ DEMU ရထားတွင် ရန်ကုန်-နေပြည်တော်- ရန်ကုန်အတွက် ပထမတန်း ငွေကျပ် ၁၉၀၀၀ နှင့် အထက်တန်း ၂၈၀၀၀ သတ်မှတ်ထားပါသည်။ ရန်ကုန်-နေပြည်တော် ခရီးအတွက် ကြာချိန်မှာ ၅ နာရီခွဲခန့်သာ ဖြစ်ပါသည်။

ယခုအခါ ရန်ကုန်ဘူတာကြီးမှ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ ပုဂံ၊ နေပြည်တော်စသည့်မြို့ကြီး များသို့ ရထားခရီးစဉ်များကို ပြေးဆွဲပေးလျက်ရှိသည်။ ရန်ကုန်ဘူတာကြီးမှ ကုန်ရထားများကို ရန်ကုန်မှ မန္တလေး (မြို့ဟောင်း) ဘူတာ၊ သာစည်၊ မြစ်ငယ် - ပုလိပ် ဘူတာများသို့ နေ့စဉ်ပျမ်းမျှ အဝင် သုံးစီး၊ အထွက် သုံးစီးခန့် ပြေးဆွဲပေးနေသည်။ ထို့ပြင် ရန်ကုန်(ရွာသာကြီး)ဘူတာနှင့် မြစ်ငယ် ဘူတာသို့ ကွန်တိန်နာတွဲ ၂၇ တွဲဖြင့် နေ့စဉ် ကုန်စည်များ သယ်ယူပို့ဆောင် ပြေးဆွဲနေသည့်အပြင် ရန်ကုန်- မန္တလေး ရထားလမ်းပိုင်းတွင် ပါဆယ်အထူးရထားများ ပြေးဆွဲကာ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ လိုအပ်ပါက စက်ခေါင်းနှင့် တွဲလိုအပ်ချက်များကို ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအချိန်တွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် စက်သုံးဆီရှားပါးမှုကို ကမ္ဘာတစ်ဝန်း ကြုံတွေ့နေကြရသည်။ မြန်မာနိုင်ငံ၌ ခရီးသွားလာရာတွင် မီးရထား၊ ကားနှင့် ရေယာဉ်များကိုသာ အဓိကထားအသုံးပြုကြသည်။ စက်သုံးဆီရှားပါးမှုကြောင့် အဝေးပြေးကားများနှင့် အဝေးပြေးကုန်သယ်ကားများ ဈေးနှုန်းတက်၍ ပြေးဆွဲနေရသည်။ မြန်မာ့မီးရထားက ထိုအခက်အခဲများကို ကူညီဖြေရှင်းနိုင်ရန် အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဈေးနှုန်း အသက် သာဆုံးဖြင့် ကုန်ပစ္စည်းများကို မြန်မာပြည်အနှံ့ သယ်ယူပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်ပေးလျက် ရှိသည်။ ထို့အပြင် ကုန်ရထားတွဲများဖြင့် ထုံးကျောက်(စက်ရုံကုန်ကြမ်း)၊ ဂေါတန် (ဘိလပ် မြေကုန်ကြမ်း)၊ ကြံ(သကြားစက်)နှင့် လမ်းခင်းကျောက်များကိုလည်း တင်ဆောင်ကာ ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပါသည်။

မြန်မာ့မီးရထားဝက်ဘ်ဆိုက်တွင် ဝင်ရောက်စုံစမ်းနိုင်

မြန်မာ့မီးရထားက မဟာသင်္ကြန် နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန်အတွက် ပုံမှန်ပြေးဆွဲလျက်ရှိသည့် ရထားများ အပြင် အထူးရထားများအဖြစ် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၊ ရန်ကုန်-မော်လမြိုင်- ရန်ကုန်၊ ရန်ကုန်-ပြည်-ရန်ကုန်၊ သာစည်-တောင်ကြီး၊ ပျဉ်းမနား-တောင်တွင်းကြီး၊ လက်ပံတန်း-သာရဝေါ၊ မြစ်ကြီးနား-မိုးကောင်း၊ ပုသိမ်-ကြံခင်းခရီးစဉ်များ ပြေးဆွဲမည့်အစီအစဉ်များကို ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့ထုတ် နေ့စဉ်သတင်းစာများတွင် အချိန်ဇယားများဖြင့် ဖော်ပြပေးထားပါသည်။ သက်ဆိုင်ရာ ဘူတာရုံများနှင့် မြန်မာ့မီးရထား ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုမေးမြန်းစုံစမ်း နိုင်ပါသည်။

မြန်မာနိုင်ငံ၏ အဓိက ရထားလမ်းပိုင်းများတွင် ရထားလမ်းများ အဆင့်ဆင့်မြှင့်တင်ခြင်း၊ လူစီးတွဲ များကို ခေတ်မီတွဲသစ်များအစားထိုးကာ ခုတ်မောင်း ပြေးဆွဲပေးခြင်း၊ ရထားများ အချိန်မှန်ကန်စွာ ပြေးဆွဲလာနိုင်ခြင်းတို့ကြောင့် ရထားစီး ခရီးသည်များ နေ့စဉ် ပိုမိုများပြားလာသည်။ ကုန်စည် များ ပို့ဆောင်ရာတွင် အလွယ်တကူသယ်ယူ ပို့ဆောင်နိုင်ခြင်း၊ လုံခြုံစိတ်ချရခြင်း၊ အချိန်မီရောက်ရှိခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းစသည့် အားသာချက်များကြောင့် မြန်မာ့မီးရထားသည် ပြည်သူများ အားထားရသည့် ခရီးသွားဝန်ဆောင်မှုကို အပြည့်အဝ တာဝန်ထမ်းဆောင်ပေးနေသည့် လုပ်ငန်းကြီးဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။