Skip to main content

အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီနေထိုင်ခွင့် ပေးထားသည့် အဆောက်အဦများနှင့် စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်နေမှုအပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများက နိုင်ငံတစ်ဝှမ်းဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ ထိုသို့ လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက် လုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် သာဓကအားဖြင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစုအနောက်ကျေးရွာရှိ အကြမ်းဖက်သမားများ ငှားရမ်းထားသော နေအိမ်တစ်ထပ်တိုက်အတွင်းမှ လက်နက်မျိုးစုံ ၂၅ လက်၊ လက်ပစ်ဗုံး ၇၂ လုံး၊ ဖျူ့စ် ၇၁ ခု၊ ကျည်ဘောက်မျိုးစုံ ၁၄ ခု၊ TNT ယမ်း ၁၅၆ တောင့်၊ ဒီတိုနေတာ ၅၄၀ ချောင်း၊ ကျည်ခါးပတ် ၂ ခုအပါ ၄ ဘူး၊ ၁၂ ဘို့ကျည်(ယမ်းမပါ) ၂၇ တောင့်၊ (ယမ်းပါ) ၂၅ တောင့်၊ စက်လတ် ကျည်ခါးပတ်တွဲ ၃ ခု၊ ကျည်မျိုးစုံ ၃၂၈၅ တောင့်တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့ပါသည်။ ထို့အတူ ဇွန်လ ၂၂ ရက်နေ့၊ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၄ လမ်းနှင့် ၁၁၁ (E) လမ်းရှိ အကြမ်းဖက်သမားများ ငှားရမ်းထားသော အိမ်အမှတ် ၁၁၆/၂-၁၉ ၌ အကြမ်းဖက် သောင်းကျန်းသူများ ရောက်ရှိခိုအောင်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သောင်းကျန်းသူများမှ အဆိုပါ တိုက်ခန်း အတွင်းမှနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်။ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၆ ဦးသေဆုံးကာ အကြမ်းဖက်သမား ၈ ဦးအား လက်နက်ခဲယမ်း၊ ဆက်စပ် ပစ္စည်း အများအပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် အင်းစိန်မြို့ပတ် ရထားသည် အလုံဘူတာနှင့် ပန်းလှိုင် ဘူတာအကြားအရောက်၌ အဆိုပါရထားပေါ်တွင် လုံခြုံရေး လိုက်ပါလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက် ၄ လက်နှင့် ခဲယမ်းအချို့တို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင် သွားခဲ့သည့် ဖြစ်စဉ်တွင် အကြမ်းဖက် တိုက်ခိုက်သော တရားခံများကို စိစစ်ဖော်ထုတ်ချက်များအရ ရန်ကုန်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းများအား ကာလတို ငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။

အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှုကျူးလွန်သူများသည် အကြမ်းဖက်မှုများကျူးလွန်နိုင်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတို ငှားရမ်းနေထိုင်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သိရှိခဲ့ရသည့်အတွက် နေအိမ်၊ တိုက်ခန်းငှားရမ်းသူ နေထိုင်သည့်သူများနှင့်ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့ ဧည့်စာရင်း တိုင်ကြားရန် တာဝန်ရှိသည့်အတွက် ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေး အချက်အလက်၊ အထောက်အထားပြည့်စုံစွာဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်း တိုင်ကြားရန်နှင့် မိမိငှားရမ်း ထားသောသူများသည် သံသယဖြစ်ဖွယ်ရှိကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ တာဝန်ရှိသူများ ကို အချိန်မီသတင်းပို့ အကြောင်းကြားခြင်းဖြင့် အိမ်ရှင်များမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါသည်။

သို့ဖြစ်ပါ၍ နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေအိမ်၊ တိုက်ခန်းများ ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ် တွေ့ရှိရပါက ငှားရမ်းသည့် ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့် ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့