ထားဝယ် ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ တဂူသိမ်ဈေးတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များစောင့်ကြည့်ရေးအဖွဲ့မှ တင်ပြထားသော ကုန်ပစ္စည်းများ ရောင်းချမှုရှိ/မရှိ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်သောပူးပေါင်းအဖွဲ့များက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များ၊ စာသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ဈေးဆိုင်များတွင် အစားအသောက်နှင့် အလှကုန်၊ လူသုံးကုန်များတွင် IR မရှိသော ကုန်ပစ္စည်းများ ရောင်းဝယ်မှုမရှိစေရေး အသိပညာပေးပြောကြားပြီး ဆိုင်များမှ မုန့်ဖတ်၊ ပဲပြား၊ ပဲပင်ပေါက်၊ ဂျုံခေါက်ဆွဲခြောက် စသည့် အစားအသောက်နမူနာများအား ဖော်မလင်၊ ဘိုးရက်စ်နှင့် ခွင့်မပြုဓာတု ပစ္စည်းများပါဝင်ခြင်း ရှိ/မရှိ၊ လက်ဖက်နှင့် ငပိများတွင် ခွင့်မပြုဓာတုဆိုးဆေးများ ရှိ/မရှိကိုရွေ့လျားဓာတ်ခွဲယာဉ်ရှိ တစ်ခါသုံးဓာတ်ခွဲပစ္စည်းများဖြင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့် ဈေးဝယ်သူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက် အဓိကဆောင်ရွက်ရမည့် အချက် ၅ ချက် ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)