ကမမောင်းမြို့၌ မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ကမမောင်း ဇူလိုင် ၂၂

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုင်းအန္တရာယ်အ‌ကြောင်း အသိပညာပေးဟောပြောပွဲကို  ယနေ့နံနက် ၁၁ နာရီအချိန်က  ကမမောင်းမြို့ အမှတ်(၃)၊ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကမမောင်းမြို့၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်စုမှူး ဒေါ်မိနိုင်နိုင်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူ(၇)ချက်ကိုအသေးစိတ် ရှင်းလင်းပြောကြားပြီး တပ်စုမှူး ဒေါ်ပွင့်နဒီမှူးမှမိုင်းအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် အချက်များ၊ မိမိနှင့်မသက်ဆိုင်သော သံသယဖြစ်ဖွယ်ပစ္စည်းများကိုမကိုင်တွယ်ရန်နှင့် မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲနိုင်သော စစ်လက်နက်အကြွင်းအကျန်များအား တစ်စုံတစ်ရာ ဖြင့်ဘယ်သောအခါမှ မပစ်ပေါက်ရန်စသည့်အချက်များအားလည်းကောင်း၊ ဖာပွန်မြို့နယ် ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်လဲ့လဲ့ဝင်းက မိုင်းအန္တရာယ်ကြောင်းထိခိုက်မှုများရှိပါက မိမိတို့ တပ်ဖွဲ့အား အချိန်မီသတင်းပို့ရန်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့်လည်း မိုင်းအန္တရာယ်ကြောင့် ထိခိုက်မှုများအား သတ်ဆိုင်ရာ ဆေးရုံများမှ ခြေတု၊လက်တုများကို အခမဲ့ပြုလုပ်ပေးမည်ဖြစ်ကြောင်းကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူများအား မိုင်းအန္တရာယ်အကြောင်း အသိပညာပေးဇာတ်လမ်းတို စာအုပ်များနှင့်လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဖာပွန်မြို့နယ်၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှဒုတိယမြို့နယ်တပ်ဖွဲ့မှူး၊ ကမမောင်းမြို့ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ မြို့မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ အမှတ် (၃)၊ အခြေခံပညာ အလယ်တန်းကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၆၇)ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။

တင်တင်လှ(ကမမောင်းပြန်/ဆက်)