ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလ မိသားစု၀င်ငွေရရှိရေး တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုပျိုးနည်းလုပ်ငန်း ဒေသခံတောင်သူများ စိတ်ပါ၀င်စား

ရေဦး စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန  ချမ်းသာ စိုက်ပျိုး ရေးနည်းပညာ ပေးစင်တာ ( KC ) တွင် ယနေ့နံနက်  ၉ နာရီက ကိုဗစ်ကာလ  မိသားစု ၀င် ငွေရရှိစေမည့်   တစ်ပိုင်တစ်နိုင်  ကောက်ရိုးမှိုပျိုးနည်း  ဆောင်ရွက်လျက်ရှိရာ  စိုက်ပျိုးရေးစခန်းနယ်မြေ ဒေသခံတောင်သူ ၂၆ ဦး တက်ရောက် လေ့လာခဲ့ကြောင်း သိရသည်။

"ကောက်ရိုးမှိုပျိုးနည်းက  အထက်မြန်မာပြည်တွင်   မြန်မာ-ခါနန်ကိုရီးယားတို့   ပူးပေါင်း ဖွင့်လှစ်တဲ့  မှိုအမျိုးမျိုး ပျိုးနည်းသင်တန်းကနေ  သင်ယူခဲ့တဲ့  နည်းစနစ်အတိုင်း  ဆင့်ပွား အနေဖြင့်  မျှဝေပေး တာဖြစ်ပါတယ်၊   တောင်သူတွေအနေနဲ့ ကောက်ရိုးနဲ့ဖွဲနုလည်း အသင့်ရှိပြီး ဖြစ်တဲ့အတွက် မှိုမျိုးထုပ် လေးထုပ်၊  ပလပ်စတစ်အကြည်စ ၊ ဝါးတစ်လုံး၊ ဂျပ်ထူ အနည်းငယ်သာ လိုအပ်ပါတယ်။ မှိုတစ်‌ ဘောင်ပျိုးဖို့  မိမိနေအိမ် မြေကွက်လပ်အပေါ်မူတည်ပြီး ပျိုးလို့ရပါတယ်၊  ပုံမှန်ကတော့  မှိုတစ်ဘောင်လျှင်  ပျိုးဘောင်  အရှည် ၉ ပေ အနံ ၃ ပေဖြစ်ပြီး  မှိုအထွက်နှုန်းအနေနဲ့    ၅ ပိဿာမှ ၈ ပိဿာ အထိ  ထွက်ပါတယ်၊  မှိုတစ်ပိဿာဈေးနှုန်း  ငွေကျပ် ၄၀၀၀ ကျော်ရှိပါတယ်၊  မှိုစတင်ပျိုးပြီး သုံးပတ်ကျော်အကြာမှာ စတင် နှုတ်ယူလို့ ရတယ်၊ ထွက်ရှိလာတဲ့မှိုတွေကို  ရောင်းချ နိုင်သလို  မိသားစုလည်း  စားသုံးနိုင် ပါတယ်၊ ကုန်ကျစရိတ်နည်းပြီးအမြတ်များတဲ့  ကောက်ရိုးမှိုစိုက်ပျိုးဖို့  အကူအညီလိုအပ်ပါက အချိန်မရွေး ကူညီပေးသွားမှာဖြစ်သလို  နည်း ပညာပေး  အတူပါ၀င် ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"  ဟု  ချမ်းသာ စိုက်ပျိုး နည်းပညာ ပေးစင်တာ တာ၀န်ခံ ဦးအောင်ကျော်ဦး က တစ်ပိုင်တစ်နိုင် ကောက်ရိုးမှိုပျိုးနည်းနှင့် ပတ်သတ်၍ပြောကြားခဲ့ကြောင်း သိရသည်။

သန်းထိုက် ( ရေဦး )