ပေါင်းတည် ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတသသုံးကြိမ်ရွတ်ဆိုကန်တော့၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ အာဂမဇောတိကာရုံစာသင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဝံသက ငါးပါးသီလချီးမြှင့်ပေးတော်မူပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်တော်ကို ရွတ်ပွားပူဇော်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်နှင့်အဖွဲ့ဝင်များက ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းသည်။
ထို့နောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော်က ဝါဆိုသင်္ကန်းကပ်လှူခြင်းအကျိုးတရား ဟောကြားပြီးလှူဒါန်းမှုအစုစုအတွက် အမျှပေးဝေသာဓုသုံးကြိမ်ခေါ်ဆိုရပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဆရာတော်သံဃာတော်(၅)ပါးအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဖိတ်ကြားထားသော ဧည့်ပရိသတ်များအား နေ့လည်စာဖြင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်းသိရသည်။
အေးအေးဆင့် (ပြန်/ဆက်)