လပွတ္တာ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှုမရှိစေရေးအတွက် နေအိမ်မှ ပြင်ပသို့ထွက်ခွာသူများ နှာခေါင်းစည်း (Mask) မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ကို ယနေ့ နံနက် ၇ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည်ဆိုပါက ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များကို တပ်ဆင်ကြရမည် ဖြစ်ပြီး နှာခေါင်းစည်း (Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို မြို့နယ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့မှ သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဆောင်ရွက်လျှက်ရှိကြောင်း မြို့ပေါ်နှင့် ကျေးရွာအတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နှာခေါင်းစည်း (Mask) တပ်ဆင်ရေးဆောင်ရွက်ရာတွင် မြို့နယ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူများပူးပေါင်း၍ လမ်းမ တစ်လျှောက်နှင့် လူစည်ကားရာနေရာများ၌ နေအိမ်မှပြင်ပသို့ ထွက်ခွာလာသူများတွင် နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား နှာခေါင်းစည်း (Mask) သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ဝယ်ယူစေပြီး နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာ ပြန်/ဆက်)