မိုးညို ဇူလိုင် ၂၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊အထက(မိုးညို)သရဖူခန်းမတွင် မိုးညိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီကပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင်အထက(မိုးညို)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းထွေးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားရသည့် အကြောင်းရင်းများအားဟောပြောခြင်း၊ ကျန်းမာရေးဆရာမကြီး ဒေါ်ခိုင်သီတာက သွေးအားနည်းရောဂါအကြောင်းဟောပြောခြင်း၊ ကျန်းမာရေးအဆင့်(၁)ဆရာဦးတင်အောင်ကတီဘီရောဂါနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့်အကြောင်းများကို အသီးသီးဟောပြောပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား "သွေးလွန်တုပ်ကွေးတိုက်ဖျက်ရေးအားလုံးပါဝင်ဆောင်ရွက်ပေး" အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် Grade-6 မှ Grade-9 ထိ ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုမင်း (ပြန်/ဆက်)