ကလေးမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကလေး ဇူလိုင် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ဌာနဆိုင်ရာများပူးပေါင်း၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ရွှေရတုကျောင်းဆောင် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ကလေးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာထူးမှ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ကိုယ်တိုင်သိရှိ နားလည်ရေးကို (power point) ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး ကလေးခရိုင် လူကုန်ကူးမှုကာကွယ်တားဆီးရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးလှဌေးက လူကုန်ကူးမှုကာကွယ်တားဆီးရေး လုပ်ငန်းများအကြောင်းကို ပြောကြားခဲ့သည်။

ထို့နောက် ကလေးခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးရုံးမှ ဦးစီးအရာရှိ ဦးမင်းထိုက်နှင့် ကလေးခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ မုန်တိုင်း၊ ရေဘေး၊ ငလျင်ဘေး၊ မီးဘေးတို့နှင့် ပက်သက်သည့် ဘေးအန္တရာယ်ဆိုင်ရာ ဗဟုသုတများ၊ ကြိုတင်ပြင်ဆင် ကာကွယ်ကြရမည့် အကြောင်းအရာ များ၊ မူးယစ်ဆေးဝါးအန္တရာယ် ဆိုးကျိုးများ၊ မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် သိရှိလိုက်နာရမည့် အချက်များနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများကို မေးခွန်းများ မေးမြန်းခြင်း၍ တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒေသကွက်ကဲရေးစစ်ဌာနချုပ်(ကလေး)မှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးမှ တာဝန်ရှိသူများ၊ လူကုန်ကူးမှု ကာကွယ်တားဆီးရေးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဟိန်း