မြိတ် ဇူလိုင် ၂၁
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်ဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် ကျင်းပသည့် မြိတ်ခရိုင်ရှိ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) များကို Software Program ရေးသွင်းခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအနေဖြင့် ပန်းခင်းစီမံချက်ကို အောင်အောင်မြင်မြင် နဲ့ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲမှာ မဲစာရင်းများ တိကျမှန်ကန်စေရေးအတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက် နိုင်(၄)မှတ်တမ်းများကို Electric System ဖြင့် Software ရေးသွင်းခြင်းလုပ်ငန်းကိုလည်း သတ်မှတ်ရက်အတွင်းမှာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ယခု အိမ်ထောင်စု လူဦးရေစာရင်း (ပုံစံ -၆၆/၆) များကို Software Program ရေးသွင်းခြင်းကိုလည်း ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များကို ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း၊ အချိန်ကာလ(၂)လအတွင်းပြီးစီးရေး၊ စာရင်းဇယားမှန်ကန်စေရေး၊ စာရင်းထပ်ကျန်မရှိစေရေးတို့ကို စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး၊ မြိတ်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တင်ပြခဲ့ကြပြီး လူမှုရေးဝန်ကြီး ဦးယဉ်ထွေးက ဖြည့်စွက်ရှင်းလင်းတင်ပြ သည်။ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဝန်ကြီးချုပ် ဦးမြတ်ကိုက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်ရှိ အိမ်ထောင်စုစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များကို မြိတ်တက္ကသိုလ်တွင် software program ဖြင့် Data base သို့ တိုက်ရိုက်စာရင်းရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မြိတ်ခရိုင်အတွင်းရှိ နိုင်ငံသားများ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) အချက်အလက်များကို နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းခြင်းလုပ်ငန်းကို ခရိုင်အတွင်းရှိ မြိတ်၊ ကျွန်းစု၊ ပုလော၊ တနင်္သာရီမြို့နယ်များမှ အိမ်ထောင်စုစာရင်း စုစုပေါင်း (၁.၂)သိန်းကျော်၏ အိမ်ထောင် စုလူဦးရေစာရင်းများအား (၂)လအတွင်း ပြီးစီးအောင် ရေးသွင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ်၏ အိမ်ထောင်စုစာရင်းများကို software program ဖြင့် Data base သို့ တိုက်ရိုက်စာရင်း ရေးသွင်းခြင်းလုပ်ငန်းကို မြိတ်တက္ကသိုလ်၌ ရေးသွင်းဆောင်ရွက်လျက်ရှိပြီး ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်ရှိ အိမ်ထောင်စု စာရင်းများကို သက်ဆိုင်ရာမြို့နယ်များ၌ ရေးသွင်းဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )