ဘိုကလေး ဇူလိုင် ၂၁
ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး၊ အားကစားကို ချစ်မြတ်နိုးတတ်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ အသိပညာပေးဟောပြောပွဲနှင့်အတူ အားကစားသရုပ်ပြမှုများ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၁၁) နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ ဖိုးဒီကွဲကျေးရွာအုပ်စုရှိ ဖိုးဒီကွဲ အ.ထ.က ကျောင်း၌ အဆိုပါ ဟောပြောပွဲနှင့် သရုပ်ပြပွဲ ကျင်းပဆောင်ရွက်သည်။
၎င်းဟောပြောပွဲ၌ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်မှ နိုင်ငံတစ်နိုင်ငံ တိုးတက်ရေးကဏ္ဍတွင် အားကစားသည်လည်း အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မိမိတို့ မြို့၊ ရွာ၊ မိမိတို့နိုင်ငံ အားကစားဂုဏ်မြှင့်တင်နိုင်ရေး အတွက် လူငယ်တိုင်းတွင် တာဝန်ရှိကြောင်း၊ အားကစားဝါသနာပါသူ ကျောင်းသား/သူများ အနေဖြင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတွင် လာရောက် အခမဲ့ဆော့ကစားနိုင်ပြီး အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများ ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့် ကာယပညာ ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာကျော်နှင့် ဝန်ထမ်းများမှ ကျောင်းသား/သူများနှင့်အတူ ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားနည်းများအား သရုပ်ပြဆော့ကစားခဲ့ပြီးဖိုးဒီကွဲ အ.ထ.က(ခွဲ)ကျောင်းအတွက် အားကစားပစ္စည်းများအား လှူဒါန်းရာ တာဝန်ခံကျောင်းအုပ်ဆရာမကြီးမှ လက်ခံခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)