ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၇/၂၀၂၂) အစည်းအဝေးကျင်းပ

ဘားအံ ဇူလိုင် ၂၁

ခရီးသွားလုပ်ငန်းအရှိန်အဟုန်ဖြင့် တိုးတက်မြင့်မားလာစေရေး ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၇/၂၀၂၂)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုများ ပြန်လည်တွေ့ရှိလာရသည့်အတွက် ကိုဗစ်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြစေလိုကြောင်း၊ ကိုဗစ်-၁၉ Save Service အသိအမှတ်ပြုကတ်ပြားရရှိခဲ့သည့် The Grace Hotelနှင့် Keinnara Hpaan Hotel တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ထို့အတူ ကျန်ရှိသည့်ဟိုတယ်များအနေဖြင့်လည်း အတုယူလိုက် နာဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသတွင်းရိုးရာအစားအသောက်၊ မုန့်အမျိုးမျိုးနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနိုင်စေရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်၍ သန့်ရှင်းသာယာလှပသော ခရီးသွားမြို့တော်အဖြစ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က   အကြောင်းအမျိုးမျိုးကြောင့် ကော်မတီအဖွဲ့ဝင်အချို့သည် တာဝန်ထမ်းဆောင်ရွက်ရန် အခက်အခဲရှိနေသည့်အတွက် ဟိုတယ်လုပ်ငန်းရှင်များအား ပြန်လည်ရွေးချယ်၍ အစားထိုးခန့်အပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့်သက်ဆိုင်သကဲ့သို့ ဒေသခံများတွင်လည်း တာဝန်ရှိပါကြောင်း၊ ကျန်းမာရေးဌာန၏ လမ်းညွှန်ချက်များအတိုင်း လုပ်ငန်းရှင်များမှ တိတိကျကျ လိုက်နာဆောင်ရွက်ပေးကြဖို့လိုပြီး ဒေသတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေး အားလုံးလက်တွဲဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက ယခင်အပတ် (၆/၂၀၂၂)အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် (၇/၂၀၂၂)အစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့် ကိစ္စရပ်များကို Power Point အသုံးပြုရှင်းလင်းတင်ပြခဲ့ပြီး အစည်းအဝေးသို့တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ထို့နောက်  ပြည်နယ်ဝန်ကြီးချုပ်က Enchanting Myanmar Protocol အစီအစဉ်အရ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများအား ကိုဗစ်-၁၉ Save Service တံဆိပ်များ စနစ်တကျပေးအပ်နိုင်ရေး National Level အဆင့် အသိအမှတ်ပြုတံဆိပ်အတွက် Online မှ လျှောက်ထားရရှိခဲ့သော The Grace Hotelနှင့် Keinnara Hpaan Hotel တို့အား HSP Plque တံဆိပ်ပြားများအား ပေးအပ်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)